DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ လယ်သမား ၄၀၀ ကျော် တရားစွဲခံထားရ
DVB
·
January 24, 2014
ဧရာဝတီ လယ်သမား ၄၀၀ ကျော် တရားစွဲခံထားရ
Donate to DVB

ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် လယ်မြေအမှုတွေနဲ့ တရားစွဲ ခံနေရပြီး မော်လမြိုင်ကျွန်း မြို့နယ်မှာ အများဆုံး ဖြစ်ပွားနေတယ်လို့ တောင်သူလယ်သမားများနဲ့ မြေယာ လုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက ပြောပါတယ်။

farmerလယ်ယာမြေမှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃ လလောက် အတွင်း အခုလို လယ်သမားတွေ ရာနဲ့ချီ အမှုရင်ဆိုင်နေကြရတာဖြစ်ပြီး တရားစွဲခံရပုံကို သူပြောပြတာက “လယ်သမားတွေက ငွေကြေးမတက်နိုင်တဲ့အခါကြတော့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေ ယူရတယ်။ အဲဒီ ငွေကြေး အပေးအယူ ကိစ္စတွေ ရှိတယ်။ လယ်ယာမြေ မှတ်ပုံတင်ခါနီးကြတော့ လုပ်ငန်းရှင်တွေကနေပြီး မြေစာရင်းတွေနဲ့ ပေါင်းတယ်၊ နောက် တရားရုံးတွေနဲ့ ပေါင်းတယ်။ ဒီဟာက အမှန်တကယ်ကတော့ ငွေကြေးအပေးအယူနဲ့ ပတ်သက်လို့ရှိရင် တရားမလမ်းကြောင်းနဲ့ ငွေရလိုမှုနဲ့သာလျှင် အမှုတရားစွဲပြီး တောင်းသင့် တယ်။ ဒါပေမယ့် တော်တော်များများဖြစ်နေတာ အဲလိုမဟုတ်ဘူး။ အသားလေး ငွေကို ထိုးပေးလိုက်ပြီးတော့ အဲဒီမှာ စပါးဈေးတို့ တင်းတိုးတို့ အဲဒီလို ပြန်ပြီး မဆပ်နိုင်တဲ့ ပုံစံမျိုးတွေ လုပ်တယ်။ နောက်တချို့ဆိုရင် လက်မှတ်ကို စာရွက်ဗြောင်မှာ ထိုးခိုင်းတယ်။ လယ်သမားတွေက အလုပ်ချိန်ကြလာပြီဆိုရင် သူရဲ့ ယုံကြည်မှုအရ ထိုးပေးလိုက်တာပဲ။ ပြီးတော့ စာရွက်ဗြောင်မှာ ရေးချင်ရာရေးလိုက်တာပဲ။ ရေးချင်တာရေးပြီး အာဏာပိုင်နဲ့ ပေါင်းပြီး အခုလို လယ်ယာမြေတွေ မှတ်ပုံတင်ရမယ့်အချိန်မှာ သူကဘာလုပ်လဲဆိုတော့ ဥပမာ ဦး ၅၀ ကို သူကိုင်ထားပြီး ၂ ယောက် ၃ ယောက်လောက်ကို တရားရုံးနဲ့ပေါင်း ငွေပေးပြီးတော့ တရားစွဲပြီး အတင်း ထောင်ချလိုက်တယ်။ အဲဒီလို ချရင်းနဲ့ လယ်သမားကို ကြောက်အောင် လုပ်လိုက်ပြီး နောက်လူတွေဆီက လယ်တွေ သိမ်းလိုက်တယ်။ အဓိကဖြစ်တဲ့ ပြဿနာက အဲဒါပဲ။” တောင်သူလယ်သမားများနဲ့ မြေယာလုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

နောက်တမျိုးက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ သတင်းကြားပြီး လယ်မြေ ပြန်မရသေးတော့ အဲ့ဒီ လယ်တွေမှာ ၀င်ရောက်ထွန်ယက်စိုက်ပျိုးလို့ တရားစွဲခံကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲ ခံနေရတာဖြစ်ပြီး လယ်သမား ၇၀ လောက်လည်း ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

လယ်သမားတွေ တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားကွန်ရက် တာဝန်ခံ တွေနဲ့ တိုင်းအစိုးရ တာဝန်ရှိသူတွေ ၃ ကြိမ်ထက်မနဲ တွေ့ဆုံဆွေးနွေးကြပြီး ဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်သေးပါဘူး။

ဇန်န၀ါရီ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ လယ်သမားတွေကို ကုမ္ပဏီတွေက တရားစွဲနေတဲ့ ကိစ္စ၊ လယ်မြေအမှုတွေ တရားရုံးမှာ ကြန့်ကြာနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေးခွန်း မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးမြင့်အောင် လာရောက်ဖြေကြားသွားပုံနဲ့ လယ်မြေ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးအောင်သိန်းလင်း က “ပုဒ်မ ၄၂၇ ကတော့ တရားရုံးကို တိုက်ရိုက်လျှောက်ရတယ်။ ပုဒ်မ ၄၄၇ က ရဲအရေးပိုင်တဲ့အမှု လို့ပြောတယ်။ နောက်တခုကတော့ ပုဒ်မတွေကို အလွယ်တကူ လုပ်နေတယ်၊ နောက်တခုက တရားရုံးတွေက ပုဒ်မ ၂ နဲ့ ပတ်သက်ပြီး အတည်ပြုတဲ့အခါမှာ တအားကြာတယ်။ ဒါတွေကို စိစစ်ပေးဖို့ ပြောတယ်။ သူတို့ ဘာမှ ပြောမသွားဘူး။ အောက်ခြေမှာ ကြာသင့်ကြာထိုက်တာထက် ပိုကြာနေတဲ့ ကိစ္စတွေကို လေ့လာပြီးတော့မှ အထောက်အထားအချက်အလက်နဲ့ ပြန်တင်ရမှာ ပေါ့ဗျာ။ ကျနော်တို့က လာပြီးတိုင်ကြတာကို ကြားနေတာကိုး။ သေသေချာချာ အောက်ခြေ စုံစမ်းပြီးတော့မှ တရားလွှတ်တော်ချုပ်ကို တင်မယ်လို့ စဉ်းစားထားပါတယ်”လို့ ပြောပါတယ်။

လယ်မြေတွေ အသိမ်းခံရတဲ့အပြင် တရားစွဲဆို ထောင်ချခံနေရတဲ့ လယ်သမားတွေအရေး အတွက် တောင်သူလယ်သမားကွန်ရက်တွေ စုပေါင်းပြီး အဖြစ်များတဲ့ မော်လမြိုင်ကျွန်းမှာ စခန်းချ ဖြေရှင်း လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013