DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်အနီး ညဘက် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၂၀၀ ကျော် ထိုင်းဘက်ထပ်မံ ထွက်ပြေး
DVB
·
December 24, 2021
လေးကေ့ကော်အနီး ညဘက် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၂၀၀ ကျော် ထိုင်းဘက်ထပ်မံ ထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်ည ၁၀ နာရီကျော်လောက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခဲ့သလို မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီးနောက်မှာ ညသန်းခေါင်ကျော်လောက်အထိ  ဗုံးတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ဘေးရှောင် တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“လေးကေ့ကော်နားကို လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ လေယာဉ်က ၂ စီး။ ဒီဘက်က ပြန်ပစ်တာတွေလည်း ရှိတယ်။ ဒီမနက်တော့ မပစ်တော့ဘူး။ ဟိုနေ့ကတည်းကပြောနေကြတာ ခရစ္စမတ်ဆို သတိထားပေါ့ ၊ တိုက်ပွဲ ၃ ရက်နားတယ်ဘာညာပြောပြီး ညဘက်လာပစ်တာ။”

စစ်ကောင်စီလေတပ်က ဗုံးကြဲချသလို လေးကေ့ကော်မြို့သစ်အနီးမှာ တပ်စခန်းစွဲထားတဲ့ လက်နက် ကြီးကုန်းကနေလည်း လေးကေ့ကော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ KNLA တပ်သား နဲ့အရာရှိတွေထိခိုက်မှုတစုံတရာ မရှိဘူးလို့  လေးကေ့ကော်တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခိုက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပေမဲ့ ဖလူးကျေးရွာအုပ်စုနဲ့ မင်းလက်ပံရွာဘက်က ဒေသခံရွာသား ၂၃၃ ဦး ထိုင်းနိုင်ငံဘက်ကို ညတွင်းချင်း ထပ်မံထွက်ပြေး ခိုလှုံလာနေကြတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်ကနေ သိရပါတယ်။

လေယာဉ်ပျံတွေလာပြီးနောက် မင်းလက်ပံဘက်က ရွာသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြရာမှာ ကနဦး ထိုင်းဘက်က ပေးမဝင်သေးဘဲ ည ၁၂ နာရီလောက်မှာ ပေးဝင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေကျူးကျော်ဝင်ရောက်လာရာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး  ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ တာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ လောက် မြန်မာဘက်မှာရော ထိုင်းဘက်မှာပါ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

လတ်တလော ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်ရှောင် ၄၀၀၀ လောက် ရောက်ရှိနေပြီး စစ်ဘေးရှောင်တွေကို ဖုတ်ဖရမြို့ မဟာဝမ်းတိုက်နယ် မဲ့ကုကင်းယာယီ စစ်ဘေးရှောင်စခန်းမှာ ဒီဇင်ဘာလ ၂၅ ရက်မှာ စုပေါင်းထားဖို့ရှိတယ်လို့လည်းသိရပါတယ်။

မနေ့ညက ပစ်ခတ်တိုက်ခိုက်မှုတွေရှိပေမဲ့ မြဝတီမြို့တွင်းမှာတော့  အာဝါဒေး လောင်းကစားဝိုင်းတွေ ဆက်လက်ဖွင့်လှစ်ကစားနေကြပြီး  သီချင်းသံတွေကို အသံချဲ့စက်နဲ့ ကျယ်ကျယ်လောင်လောင် ဖွင့်နေကြတယ်လို့  မြဝတီမြို့ခံတစ်ဦးက ပြောပြပါတယ်။

Photo Credit-KNM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013