DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေဥပဒေ ထိရောက်မှု နည်းပါး
DVB
·
January 24, 2014
လယ်ယာမြေဥပဒေ ထိရောက်မှု နည်းပါး
Donate to DVB

လက်ရှိ ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေဟာ မြေယာတွေ ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေ အတွက် အကျိုးသက်ရောက်မှု နည်းနေသလို ဥပဒေအရ ဆောင်ရွက်ရာမှာလည်း အခက်တွေ့မှုတွေ ရှိနေပါတယ်။

၂၀၁၂ လယ်ယာမြေဥပဒေကို အစိုးရက တရားဝင်ပြဌာန်းပြီးတဲ့နောက်မှာ ဥပဒေအတိုင်း ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ရှိနေတယ် လယ်ယာမြေ ပိုင်ဆိုင်ဆိုင်မှုနဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဆောင်ရွက်နေသူတွေက ပြောပါတယ်။

farmer-yewint-thu1လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက အခက်အခဲကို ခုလို ပြောပါတယ်။

“၂၀၁၂ လယ်ယာမြေဥပဒေရဲ့ အဓိကကတော့ အရင်တုန်းက လယ်ယာမြေပြဿနာတွေ ဖြစ်တယ်။ ဖြေရှင်းဖို့ အခက်အခဲတွေ ဖြစ်နေတာကတော့ လယ်ယာမြေ ပိုင်ဆိုင်မှု စာရင်းဇယား မှတ်တမ်းမှတ်ရာတွေ သေချာ မရှိခဲ့ဘူး။ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အပ်ဒိတ် မဖြစ်ဘူး။ အစိုးရက ပြန်ပေးစေဖို့ အမိန့် ချမှတ်လိုက်တဲ့အခါမှာ ပြန်ပေးဖို့အတွက် ဘယ်သူကို ပြန်ပေးရမလဲလို့ ပိုင်ဆိုင်မှု ရှာတဲ့အခါကျတော့ တိုင်တဲ့လူနဲ့ စာရင်းမှာ ရှိနေတဲ့လူ တလွဲစီ ဖြစ်နေတယ်။”

ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ဒီ လယ်ယာမြေဥပဒေဟာ လယ်သမားတွေရဲ့ ဆုံးရှုံးမှုတွေကို မဖြေရှင်း နိုင်သလို အကျိုးခံစားခွင့်တွေ မရရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

“တကယ် ဥပဒေဆိုရင် အကောင်အထည် ဖော်ဖို့ တာဝန်ရှိသလို အကောင်အထည် ပေါ်လာတဲ့အပေါ် မူတည်ပြီးတော့ အကျိုးခံစားခွင့် ရှိရမယ်။ အဲတော့ လယ်သမားတွေ အကျိုးခံစားခွင့် ရှိဖို့ ရေးဆွဲထားတယ်ဆိုရင် လယ်သမားတွေက အကျိုးခံစားခွင့် ရှိကို ရှိရမှာ ဖြစ်တယ်။ ဒါပေမယ့် ခုထိတော့ ဘာမှဖြစ်မလာသေးဘူး။”

ဒီလို အခက်အခဲတွေနဲ့ ပတ်သက်ပြီး လယ်ယာမြေနဲ့ အခြားမြေများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ဖော်ထုတ်တဲ့အခါမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးမယူဘူးလို့ ဦးအောင်သိန်းလင်းက ထောက်ပြပါတယ်။

“ကုမ္ပဏီတွေရဲ့ လန ၃၉ မကျသေးတဲ့ လယ်မြေတွေကို ခြံတွေခတ်၊ ခြံတွေခတ်ပြီးတော့မှ လယ်ယာမြေဥပဒေတွေကို ချိုးဖောက်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လို အရေးယူမှာလည်း ကျနော်မေးဖူးတယ်။ အဲဒီတော့ ဒုဝန်ကြီးဦးအုန်းသန်းကနေပြီးတော့မှ တိုင်းဒေသကြီးအစိုးရနဲ့မှ ညှိနှိုင်းပြီးတော့မှ အရေးယူပါမယ်လို့ ပြောခဲ့တယ်။ တကယ်တမ်း ကျတော့ ဘာမှ အရေးမယူဘူး။”

ဒီလို အခြေအနေတွေ အပြင် လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေအကြား ကာလ ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ တရားရုံးဆိုင်ရာ ပြဿနာတွေကို အမြန်ပြီးပြတ်အောင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက ဇန်န၀ါရီလ ၂၂ ရက်နေ့က ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရာမှာ တရားလွှတ်တော်ချုပ်ရုံးက တရားသူကြီး ဦးမြင့်အောင်ကို ဖြေကြားခဲ့ပါတယ်။

ဒီလို ဖြေကြားမှုနဲ့ ပတ်သက်ပြီး လယ်ယာမြေ စုံစမ်းစစ်ရေးကော်မတီက တာဝန်ရှိသူ အချို့ကတော့ ကျေနပ်အားရမှု မရှိပါဘူး။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ၀င်ရောက်လာတဲ့ တိုင်ကြားစာတွေထဲမှာ လယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေအများဆုံး ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်က မြေသိမ်းရာမှာလည်း သိမ်းခံရသူရဲ့ လူနေမှုဘ၀ကို ကောင်းအောင် ကာကွယ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က “ထွန်ယက်လုပ်ကိုင် စားသောက်နေတဲ့ လယ်သမားတယောက် ယာသမားတယောက်အတွက်ကို အကာအကွယ် ပေးဖို့ လိုပါတယ်။ အကာအကွယ်ပေးတယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ လူမှုရေး၊ စီးပွားရေး၊ လူမှုဘ၀ ရပ်တည်ရေး ဒါတွေကို ပိုမိုပြီး ကောင်းမွန်တဲ့ အခြေအနေမျိုးကို ရောက်အောင် အကာအကွယ်ပေးဖို့ လိုပါတယ်။ ဒီလိုအခြေအနေမျိုး မရဘူးဆိုရင်တော့ သူ့ရဲ့ အခြေခံ ရပိုင်ခွင့်တွေ နစ်နာထိခိုက်မှု ရှိတယ်လို့ ကျနော်တို့ ဒီလို သုံးသပ်ပါတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အုပ်ချုပ်ခဲ့တဲ့ န၀တ၊ နအဖ စစ်အစိုးရဟာ နိုင်ငံ တ၀န်းက လယ်ယာမြေ ဧကပေါင်းထောင်ပေါင်းများစွာကို သိမ်းဆည်းခဲ့သလို ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်တွေ ချထားပေးတဲ့အတွက် လယ်သမားတွေ လယ်မဲ့ယာမဲ့ဘ၀ရောက်ခဲ့ကြပြီး သူတို့ လယ်မြေတွေ ပြန်ရရေး ကြိုးပမ်း တောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013