DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်၏ တလွဲစီမံခန့်ခွဲမှုကြောင့် နိုင်ငံခြားငွေလဲလှယ် ပြင်ပမှောင်ခိုစျေးကွက် ကြီးထွားလာ
DVB
·
December 23, 2021
စစ်ကောင်စီဗဟိုဘဏ်၏ တလွဲစီမံခန့်ခွဲမှုကြောင့် နိုင်ငံခြားငွေလဲလှယ် ပြင်ပမှောင်ခိုစျေးကွက် ကြီးထွားလာ
Donate to DVB

စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေအပေါ် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ပြင်ပမှောင်ခိုစျေးကွက်ကသာ တဖြည်းဖြည်းနဲ့ ကြီးထွားလာမယ်လို့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရ စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ဘဏ်တွေအပါအဝင် ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားသုံးငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း အတွင်းကသာ ရောင်းဝယ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလိုသတ်မှတ်ချက်ကြောင့် နိုင်ငံခြားငွေတရားဝင်ရောင်းဝယ်ခွင့်ရရှိထားတဲ့ စျေးကွက်မှာ ရောင်းသူ၊ ဝယ်သူ မရှိတော့လို့ စျေးကွက်က တဖြည်းဖြည်းနဲ့ ပျောက်တော့မယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ငွေလဲကောင်တာပိုင်ရှင်တဦးက “လက်ရှိတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က သူတို့ရည်ညွှန်းသတ်မှတ်ထားတဲ့ စျေးနဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းပဲ ကွာပြီးရောင်းရမယ်လို့ သတ်မှတ်ထားတာပေါ့နော်။ ဖြစ်တဲ့အခါ ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ဒေါ်လာ အရောင်းအဝယ်လုပ်ဖို့က ပိုခက်သွားတာပေါ့။ ဘာကြောင့်လဲဆို ပြင်ပမှာ ပေါက်နေတဲ့စျေးနဲ့ ဗဟိုဘဏ် သတ်မှတ်တဲ့စျေးနဲ့က ကွာခြားချက်ရှိနေတာလေ။ အဲ့တော့ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ဘယ်သူမျှ လာမရောင်းကြတော့ဘူး။ မရောင်းတဲ့အတွက် ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ပြန်ရောင်းစရာလည်း မရှိဘူးဖြစ်နေတယ်။ အဲ့တော့ လက်ရှိကတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေက ဒေါ်လာအရောင်းအဝယ်လုပ်ဖို့က ခက်နေတာပေါ့။ အပြင်ပမှာပဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

တခါ ပို့ကုန်ရဝင်ငွေ (earnings) တွေအတွက် ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးကလည်း “အခုဆိုရင် earnings တွေကို ရောင်းချင်တဲ့သူနဲ့ ဝယ်ချင်တဲ့သူတို့အတွက် ကျနော်တို့က ကြားခံဆောင်ရွက်ပေးနေတယ် ဆိုပေမဲ့ အရောင်းအဝယ်ဖြစ်ဖို့ကလည်း တော်တော်ခက်ခဲပါတယ်။ ဘာလို့လဲဆို ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူ အကြားမှာ အရောင်းအဝယ်လုပ်ချင်တဲ့ ပမာဏကလည်း တည့်ဖို့လိုတယ်လေ။ ဥပမာ- ရောင်းမယ့်သူက ၁ သိန်း ရောင်းချင်တယ်။ ဒါပေမဲ့ လိုချင်တဲ့သူက ၃ သောင်းပဲလိုတယ်။ ဒါမျိုးတွေက ရှိနေတယ်။ ဒုတိယတချက်ကလည်း အရင်ပုံစံလို ဝယ်လို့ရတာ မဟုတ်ဘူးလေ။ ဘာလို့လဲဆို တချို့ earnings တွေဆို ၁ လ အတွင်း လွှတ်ရမှာတွေရှိတယ်။ ဒုတိယအချက်က ဝယ်တဲ့သူ (ကုမ္ပဏီ)ကလည်း သူ import လုပ်မယ့်အကြောင်း document တွေတင်ထားပြီးသားဖြစ်ဖို့ လိုသေးတယ်။ ဒါမှ transfer လုပ်လို့ရတာနော်။ တတိယအချက်ကတော့ ကိုယ့်ဆီက ပြောင်းပြီးရင် နောက်တခေါက် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းချင်ရင် ပြောင်းလို့မရတော့ဘူး။ အဲ့တော့ earnings နဲ့ပတ်သက်ပြီး ရောင်းရ၊ဝယ်ရတာလည်း တော်တော်လေး ခက်တယ်။ ဘာကြောင့်လဲဆို သူ့မှာ ကန့်သတ်ချက်တွေက အရမ်းများတယ်လေနော်” လို့ဆိုပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးစျေးကွက်မှာ ဒီကနေ့  ဒီဇင်ဘာ ၂၃ ရက် အရောင်းအဝယ်အတွက် ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းအပေါ်မူတည်ပြီး ဘဏ်အပါအဝင် ငွေလဲကောင်တာတွေမှာ ထုတ်ပြန်ထားတဲ့ စျေးနှုန်းက အမေရိကန် ၁ ဒေါ်လာ တန်ဖိုးမှာ ဝယ်စျေး ၁၇၈၁ ကျပ်နဲ့ ရောင်းစျေး ၁၇၈၆ ကျပ် သာရှိပေမယ့် ပြင်ပစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာက ၁၉၀၀ နဲ့ ၁၉၅၀ အကြားမှာရှိပါတယ်။ 

ပို့ကုန်ရဝင်ငွေ (earnings) တန်ဖိုးကလည်း အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၉၀၀ ကျပ်စွန်းစွန်းမှာရှိပါတယ်။ တခြားနိုင်ငံခြားသုံးငွေကြေးတွေဖြစ်တဲ့ စင်ကာပူ ၁ ဒေါ်လာ တန်ဖိုးက ဝယ်စျေး ၁၃၃၀ ကျပ်နဲ့ ရောင်းစျေး ၁၃၅၀ ကျပ်၊ ဂျပန်နိုင်ငံသုံး ယမ်းငွေက ၁ ယမ်းကို ဝယ်စျေး ၁၅ ဒသမ ၃ ကျပ်နဲ့ ရောင်းစျေး ၁၆ ကျပ်၊ ယူရိုငွေကြေးက ၁ ယူရိုကို  ဝယ်စျေး ၂၀၂၀ ကျပ်နဲ့ ရောင်းစျေး ၂၀၄၀ ကျပ်ရှိပါတယ်။

ထိုင်းငွေ ၁ ဘတ်ကို ဝယ်စျေး ၅၆ ကျပ်နဲ့ ရောင်းစျေး ၅၆ ဒသမ ၇ ကျပ်၊ တရုတ်ငွေကြေး ၁ ယွမ်ကို ဝယ်စျေး ၂၉၅ ကျပ်နဲ့ ရောင်းစျေး ၃၀၀ ကျပ်၊ မလေးရှားငွေကြေး ၁ရင်းဂစ်ကို ဝယ်စျေး ၄၂၀ ကျပ် နဲ့ ၄၂၈ ကျပ်ရှိပြီး အဆိုပါစျေးနှုန်းတွေက ငွေလဲကောင်တာတခုနဲ့တခုအကြားမှာ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013