
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို သြဂုတ် ၁ ရက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပြီး ဂျိုင်ရိုကော်ပတာတွေနဲ့ပါ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၄ ယောက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မုံရွာမြို့ခံတယောက်က “စစ်တပ်ဖိုက်တာက သစ်ညိုပင်ရွာထဲကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲသွားတာပါ။ ကလေးငယ် ၅ ယောက်အပါအဝင် အပြစ်မဲ့တဲ့ပြည်သူတွေ ၁၂ ယောက်နဲ့ ဂျိုးစုရွာကိုလည်း ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ထပ်ပြီးဗုံးကြဲလို့ ပြည်သူ ၂ ယောက်လည်း ဒဏ်ရာရပါသေးတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိနေပါတယ်။ ဗုံးကြဲခံရတဲ့ရွာတွေက သမိုင်းဝင် ရပ်တော်မူဗောဓိတထောင်ဘုရားသွားတဲ့ လမ်းဘေးနားကရွာပါ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ ၁ လုံးနဲ့ ကျောင်းအုတ်တံတိုင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့နယ် ပကဖ ရဲဘော် တယောက်က “လက်ရှိအနေအထားက အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေတာ မရှိပါဘူး။ မုံရွာ နမခ ကနေ ကျောက္ကာဂိတ်ဘက်ကို စစ်ကြောင်းနဲ့ ရိက္ခာပို့ထွက်လာတဲ့အချိန် လမ်းတလျှောက်ရွာတွေကို အခုလို လေကြောင်းတိုက်ခိုက်သွားတာပါ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေလို ပြည်သူတွေ စုစည်းလေ့ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDO) က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အခုဗုံးကြဲခံရတဲ့ သစ်ညိုပင်ရွာနဲ့ တောင်မတောကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မြေပြင်ကနေစစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲချခဲ့တာကြောင့် သံဃာတော် ၁ ပါး၊ ကိုရင် ၄ ပါးနဲ့ ပြည်သူ ၂ ယောက်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၁၅ လုံးနီးပါးလည်း မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။










