DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီမရောင်းရန် နိုင်ငံတကာကို တောင်းဆို
DVB
·
December 23, 2021
မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီမရောင်းရန် နိုင်ငံတကာကို တောင်းဆို
Donate to DVB

မြန်မာစစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့၊ သဘာဝဓာတ်ငွေ့က ရတဲ့ ဝင်ငွေတွေအပါအဝင် စီးပွားရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်အရေးယူတာ‌တွေ ဦးတည်လုပ်ပေးဖို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က နိုင်ငံတကာ အသိုက်အဝန်းက ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့  တောင်းဆို လိုက်ပါတယ်။

လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ကျူးကျော်ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေလုပ်ပြီးနောက် စစ်ရေးဆက်လက် တင်းမာနေပြီး ဒါဟာ ၂၀၂၁ အပစ်ရပ်ပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲကို စစ်တပ်က ပထမဆုံးထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တပ်အပေါ် နိုင်ငံတကာက ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ အရေးပေါ်တောင်းဆိုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချတာပိတ်ပင်ဖို့၊ လေယာဉ်ဆီ တင်ပို့တာ ပိတ်ဆို့ဖို့၊ သဘာဝဓာတ်ငွေ့ကရတဲ့ဝင်ငွေတွေအပါအဝင် စီးပွားရေးဆိုင်ရာ ပိတ်ဆို့တာတွေကို ဦးစားပေးဖို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

ပြီးတော့ စစ်တပ်ရဲ့ တရားဝင်မှုကို လက်မခံဖို့နဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေ အတွက်သူတို့နဲ့ သဘောတူလက်မှတ်ထိုးတာတွေ မလုပ်ဖို့၊ စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပေါ် တာဝန်ခံနိုင်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ တင်သွင်းလုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုပါတယ်။

လက်ရှိမှာ လေးကေ့ကော်နဲ့ အနီးဝန်းကျင် ရွာ ၈ ရွာက ဒေသခံ ၁၀၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပြီး ဒီထဲက ၅၀၀၀ လောက်ဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ထပ်ပြီး ထိုးစစ်ဆင်လာမယ့် အစီအစဉ်တွေ တွေ့နေရတာကြောင့် ဒုက္ခသည် အသစ်တွေနဲ့ လက်ရှိ ဒုက္ခသည်တွေ ခိုလှုံခွင့်ရဖို့၊ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့တွေရဲ့ အထောက်အပံ့တွေဟာ လိုအပ်တဲ့နေရာတွေကိုရောက်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရကို ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က တောင်းဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်ထဲမှာ ကျန်နေတဲ့ စစ်ဘေးရှောင်တွေဆီကို အကူအညီတွေ ပို့တာကိုလည်း ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးအလှူရှင်တွေအနေနဲ့လည်း ကျိုးပျက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထောက်ပံ့တာတွေကို ဖြတ်တောက်ပြီး အဲဒီအစား စစ်ဘေးရှောင်တွေကိုထောက်ပံ့ကူညီဖို့၊ နယ်စပ်ဖြတ်ကျော်အကူအညီပေးရာမှာ စစ်တပ်ကို အကြောင်းကြားတာ ပူးပေါင်းတာမလုပ်ဘဲ ဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ လေ့ကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေကကျူးကျော် ဝင်ရောက်လာရာက ဒီဇင်ဘာ ၁၅ ရက်ကစတင်တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘီးလင်း၊ သထုံနဲ့ တောင်ငူဒေသတွေမှာပါ  အခုရက်ပိုင်း  ကေအန်ယူပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားနေတာ ကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်တွေ တဖြည်းဖြည်းပိုလို့များပြားလာနေပါတယ်။ 

မြန်မာနိုင်ငံက ဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ    အရေးပေါ်ရောက်ရှိဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ ဖာရန်ဟတ်က ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013