DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး ဗမာလူမျိုးတွေ ထောက်ခံမှုလိုအပ်
DVB
·
January 24, 2014
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး ဗမာလူမျိုးတွေ ထောက်ခံမှုလိုအပ်
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်း ဖြစ်ပေါ်လာဖို့ ဗမာလူမျိုးတွေ ထောက်ခံလာအောင် လုပ်ရမယ်လို့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လှက တိုင်းရင်းသား ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

NCCT2thConference 23012014(3လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁၈ ဖွဲ့ တက်ရောက်တဲ့ ကေအန်ယူနယ်မြေ လောခီးလာစခန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲ ဒုတိယအကြိမ် ညီလာခံမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အို ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လှက “ကျနော်တို့ဘက်က အားသာမှု ရလာအောင်ဆိုရင် ကျနော်တို့ စည်းရုံးမှုကို ပိုပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေ ကိုယ်နှိုက်က ကျနော်တို့ကို ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အမျိုးသား ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင်ဗမာလူမျိုးတွေက ထောက်ခံပေးရမှာ ဖြစ်တယ်။ ဗမာလူမျိုးတွေ မထောက်ခံလို့တော့ မရဘူး။ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ရှေ့ဆက်ပြီးတော့ တော်တော်ပဲ ကြိုးစားရဦးမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လွတ်လပ်ရေးရပြီးချင်း မရှေးမနှောင်းမှာပဲ တိုင်းရင်းသားတွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် လက်နက်ကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗမာလူမျိုးအများစုရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ ၀ါဒဖြန့်ချိခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းကစလို့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို အစိုးရပိုင်းက သုံးစွဲလာပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကို အစိုးရဘက်က မငြင်းပယ်ပဲ စတင်သုံးစွဲလာတာ တွေ့ရပါတယ်။
လောခီးလာဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့က ခေါင်းဆောင်တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ဇန်န၀ါရီ ၂၃ ရက်နေ့မှာ သဘောတူညီမှုရခဲ့ကြပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ခြေတလှမ်းတိုး သွားခဲ့ပါတယ်။

ပြည်တွင်းနဲ့ ပြည်ပမှာ ထောက်ခံမှု အမျာအပြားရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖက်ဒရယ်ပြည်ထောင်စုကို လိုလားကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပါတယ်။

တိုင်းရင်းသားတွေရဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော်က ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွန်မော်က “တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်က အားလုံး မျှော်လင့်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အစပြုမယ့် ခြေလှမ်းဖြစ်ကြောင်းနဲ့ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲကို ခိုင်ခိုင်မာမာနဲ့ အစပြုနိုင်ဖို့ ကြိုးစားနေကြောင်း” သတင်းထောက်တွေကို ပြောပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယမြောက်ညီလာခံကို ၀ ပြည်သွေး စည်းညီညွတ်ရေးတပ်ဖွဲ့အနေနဲ့ မတက်ရောက်နိုင်ပေမယ့် ထောက်ခံအားပေးသလို ပထမအကြိမ် လိုင်ဇာညီလာခံက ဆုံးဖြတ်ချက် အချက်အတော်များများကိုလည်း လက်ခံကြောင်း ၀ တပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
အခု ညီလာခံက ရရှိတဲ့ သဘောတူညီချက်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဘားအံမှာ တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် မူကြမ်းတွေ အတည်ပြုရေးနဲ့ လက်မှတ်ရေးထိုးရေး အစီအစဉ်တွေကို ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။

အခု ညီလာခံကို ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပခဲ့ပြီး တက်ရောက်ခဲ့တဲ့အဖွဲ့ ၁၈ ဖွဲ့လုံးက သဘောတူညီတဲ့ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013