
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့ရဲ့ ဗစ်ဇ်တာ ရှီနယ်ဇာ ရှုခင်းကြည့်မျှော်စင်အနီးက သစ်တော ဧရိယာ တခုမှာ သြဂုတ် ၈ ရက်က ရဟတ်ယာဉ်ပျက်ကျမှုမှာ လူ ၄ ယောက် သေဆုံးခဲ့ပြီးနောက် စုံစမ်း စစ်ဆေးနေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ အခင်းဖြစ်နေရာရှိ မြေပြင်ပေါ်မှာ ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေကို ပြသထားပြီး အရေးပေါ်အဖွဲ့တွေနဲ့ ဘရာဇီးရဲ့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာန (CENIPA) က အဖွဲ့ဝင်တွေက ကယ်ဆယ်ရေးနဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ရဟတ်ယာဉ်ကို ရောက်ရှိဖို့ ခက်ခဲတဲ့ တောအုပ်ထူထူထဲမှာ တွေ့ရှိခဲ့ပြီး လေယာဉ်မှူး အပါအဝင် သေဆုံးသူ ၄ ယောက်ကို အခင်းဖြစ်ပွားရာနေရာမှာ အတည်ပြုခဲ့ပါတယ်။
ဒေသခံမီဒီယာတွေက ရဟတ်ယာဉ်ပေါ်က ခရီးသည် ၃ ယောက်ဟာ မိသားစုတခုတည်းက ကိုလံဘီယာခရီးသွားတွေ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
TV Globo နဲ့ အင်တာဗျူးတခုမှာ သေဆုံးသူတွေရဲ့ ဆွေမျိုးတယောက်ဖြစ်တဲ့ ဗစ်တာ မန်ရိကေးက ရဟတ်ယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ပြောပြပါတယ်။
မိနစ် ၂၀ ပဲ ကြာရမဲ့ ခရီးစဉ်က မိနစ် ၄၀ ထိ ကြာနေပြီး ပြန်မရောက်လာလို့ သွားမေးမြန်းကြည့်တော့မှ ပိုင်းလော့က အရေးပေါ်ဆင်းသက်မယ်လို့ အကြောင်းကြားထားကြောင်း တာဝန်ရှိသူတွေက သီးသန့်ခေါ်ပြောခဲ့တာလို့ ဆိုပါတယ်။
Source: Reuters











