DVB Logo
Home
Lead Story
ရာဇဝတ်ဘေး ပြေး၍မလွတ်တော့ပြီ
DVB
·
December 22, 2021
ရာဇဝတ်ဘေး ပြေး၍မလွတ်တော့ပြီ
Donate to DVB

မင််းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် စွဲဆိုထားသည့် အမှုအား ကြားနာစစ်ဆေးရန် အာဂျင်တီးနားတရားရုံးက လက်ခံကြောင်း သတင်းအား မကြာသေးမီရက်ပိုင်းက သိရှိရသည်။ ထိုရာဇဝတ်ကောင်များကို Universal Jurisdiction ခေါ် နယ်စည်းမခြားတရားစီရင်မည့်နည်းဖြင့် စစ်ဆေးမည် ဖြစ်သည်။ သို့ဆိုလျှင် Universal Jurisdiction ခေါ် နယ်စည်းမခြားတရားစီရင်ရေး ဟူသည် အဘယ်နည်း။

နယ်စည်းမခြား တရားစီရင်ရေး

ယေဘုယျအားဖြင့်ဆိုလျှင် ပြည်တွင်း၌ ပြဋ္ဌာန်းထားသော ဥပ‌ဒေများကို ပြည်တွင်း နယ်နိမိတ်အတွင်း ဖောက်ဖျက်ကျူးလွန်ပါက ပြည်တွင်းတရားရုံးများက စုံစမ်းစစ်‌ဆေးကာ တရားစီရင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံသည်လည်း ၎င်းနိုင်ငံ၏ ပြင်ပတွင် ဖြစ်ပွားသော အကြောင်းအရာများအပေါ် တရားစီရင်နိုင်ရန် ကြိုးပမ်းလေ့မရှိပါ။ ကြိုးပမ်းမည်ဆိုလျှင်လည်း အတားအဆီးကြီးနှစ်ခုနှင့် ကြုံရတတ်သည်။ ကုလပဋိညာဥ်၏ အပိုဒ် (၂) အရ ပြဋ္ဌာန်းထား‌သည့် နိုင်ငံတနိုင်ငံသည် အခြားနိုင်ငံများ၏ နိုင်ငံနယ်နိမိတ်အတွင်း ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အချက်နှင့် နိုင်ငံအားလုံး အချုပ်အခြာအာဏာပိုင်မှု တန်းတူရှိသည်ဆိုသည့် အချက်တို့ ဖြစ်ကြသည်။ 

ထို့အတွက်ကြောင့် နိုင်ငံတနိုင်ငံသည် မိမိနယ်နိမိတ်အပြင်သို့ ထွက်ကာ တရားစီရင်ပိုင်ခွင့် မရှိသည်ဟု ဆိုခြင်း ဖြစ်သည်။ သို့သော် ယေဘုယျသဘောမျှသာ ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ ပြဋ္ဌာန်းထားသော ပြစ်မှုကြီးများကို ဖောက်ဖျက်ကျူးလွန်မိပါက တရားစီရင်ရေး လက်တံတို့သည် ပြည်တွင်းအဆင့်တွင်မကတော့ဘဲ နိုင်ငံတကာအဆင့်အထိတိုင် ရောက်ရှိလာပါသည်။ အထူးသဖြင့် စစ်ရာဇဝတ်မှု၊ ဂျီနိုဆိုက်၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများ၊ နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်များ စသည့်ပြစ်မှုများတွင် ဖြစ်သည်။ 

ထိုပြစ်မှုများမှာ ရက်စက်ပြင်းထန်လွန်းလှသည် ဖြစ်၍ ပြစ်မှုများကို ကျူးလွန်သော မည်သူ့ကိုမဆို ဘယ်နေရာတွင် နေထိုင်သည်၊ ဘယ်နိုင်ငံသားဖြစ်သည် ဆိုသည့်အချက်များကိုပင် ထည့်သွင်း မစဉ်းစားတော့ဘဲ ကမ္ဘာ့မည်သည့်နေရာတွင်မဆို တရားစီရင်နိုင်ခွင့် ရရှိသွားခြင်းပင် ဖြစ်သည်။ နိုင်ငံနယ်နိမိတ်များကိုပင် ကျော်လွန်သွားသည့်အတွက် နယ်စည်းမခြား တရားစီရင်ရေးပင် ဖြစ်သည်။

စင်စစ် နယ်စည်းမခြား တရားစီရင်ရေးသည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံတကာ​ဥပဒေ၏ အရေးပါသောဥပ‌ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၉၉ ဂျီနီဗာ သဘောတူစာချုပ်တွင် လည်းကောင်း၊ ၁၉၈၄ ညှဥ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ်တွင်လည်း ထိုဥပဒေသည် ပို၍ အရေးပါလာခဲ့သည်။

နယ်စီမခြား တရားစီရင်ရေးမူနှင့်ပတ်သက်၍ ပြည်တွင်းဥပဒေများတွင် ထည့်သွင်းထားမှု အခြေအနေနှင့် ကျင့်သုံးမှုများ

နိုင်ငံများ၏ ပြည်တွင်းဥပဒေများတွင် နယ်စည်းမခြား တရားစီရင်ရေးနှင့်ပတ်သက်၍ သူ့အတိုင်းအတာနှင့်သူ၊ သူ့ပုံစံနှင့်သူ အသီးသီး ထည့်သွင်းထားကြသည်။ 

ဤဥပဒေများအရ နိုင်ငံတကာဥပဒေကို ချိုးဖောက်သော မည်သည့်ကမ္ဘာသားကိုမဆို ပြည်တွင်းတရားရုံးများမှ စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးတရားစွဲဆိုခွင့်အာဏာကို ခွင့်ပြုထားခြင်း ဖြစ်သည်။ 

၂၀၁၂ ခုနှစ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာအရ ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၆၃ နိုင်ငံတွင် နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားသော ပြစ်မှုတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ပြစ်မှုများအတွက် နယ်စည်းမခြား တရားစီရင်‌ရေး ကျင့်သုံးနိုင်ရန် ပြဋ္ဌာန်းထားကြသည်ဟု ဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ

၁၉၉၃ တွင် ဘယ်လ်ဂျီယံ လွှတ်တော်၌ နယ်စည်းမခြား တရားစီရင်ရေးနှင့်ပတ်သက်ပြီး ဥပဒေတစ်ခု ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေအရ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှု၊ ဂျီနိုဆိုက် စသည်တို့ကို ကျူးလွန်သူ ကမ္ဘာသားမှန်သမျှကို တရားစီရင်ခွင့်ရှိသည်။ ၂၀၀၁ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံသား ၄ ဦးကို ရဝမ်ဒါဂျီနိုဆိုက်အမှုတွင် ပါဝင်သည့်အတွက် ဘယ်လ်ဂျီယံတရားရုံးမှ ထောင်ဒဏ် ၁၂ နှစ်မှ ၂၀ အထိ အသီးသီး ချမှတ်ခဲ့သည်။

ပြင်သစ်

ပြင်သစ်နိုင်ငံတွင်လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၆၈၉ အရ ပြင်သစ်နိုင်ငံ ပြင်ပတွင် ပြစ်မှု ကျူးလွန်စေကာမူ မည်သည့်ကမ္ဘာသားကိုမဆို စစ်‌ဆေးစီရင်နိုင်သော ပြစ်မှုများကို ပြဋ္ဌာန်းထားသည်။ ယင်းပြစ်မှုများမှာ ညှဥ်းပန်းနှိပ်စက်မှု၊ အကြမ်းဖက်ဝါဒ၊ နျူးကလီးယား မှောင်ခိုထုတ်လုပ်မှု၊ ရေကြောင်းဓားပြ၊ လေကြောင်းပြန်ပေးဆွဲမှုတို့ ဖြစ်ကြသည်။

စပိန်

စပိန်ဥပဒေအရ နယ်စည်းမခြား တရားစီရင်‌ရေးနှင့်ပတ်သက်ပြီး အသိအမှတ်ပြုထားပေသည်။ ၁၉၈၅ ဇူလိုင် ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သော တရားရေးအာဏာအဖွဲ့အစည်း အက်ဥပဒေအရ စပိန်ဥပဒေနှင့် နိုင်ငံတကာစာချုပ်များအရ သတ်မှတ်ထားသော ဂျီနိုဆိုက်၊ အကြမ်းဖက်လုပ်ရပ်များနှင့် တခြားပြစ်မှုများကို ကျူးလွန်သူ မည်သည့်ကမ္ဘာသားကိုမဆို စပိန် တရားရုံးများမှ တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

၁၉၉၉ တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Rigoberta Menchu က ဂွါတီမာလာ စစ်ဘက်ခေါင်းဆောင်များကို စပိန်တရားရုံး၌ တရားစွဲဆိုခဲ့သည်။ ၂၀၀၃ ဇွန်လတွင်လည်း စပိန်တရားသူကြီး Baltasar Garzan က အာဂျင်တီးနား ရေကြောင်းအရာရှိ Ricarda Miguel cavallo ကို မက္ကစီကိုနိုင်ငံမှ လွှဲပြောင်းလက်ခံပြီးနောက် ပြစ်ဒဏ်မစီရင်မီ ကာလတွင် အချုပ်နှင့် ထားစေခဲ့သည်။ ထိုရေကြောင်းအရာရှိသည် အာဂျင်တီးနား စစ်အာဏာရှင်ခေတ်တွင် ကျူးလွန်ခဲ့သော ဂျီနိုဆိုက်နှင့် အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သောကြောင့်ပင်တည်း။

အရူးမီးဝိုင်းဖြစ်နေသော စကစ

စကစ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် စွဲဆိုထားသည့် အမှုအား ကြားနာစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက လက်ခံကြောင်းသတင်းကို မကြာသေးမီရက်ပိုင်းက သိရှိရသည်။ ပြည်တွင်းတွင်လည်း ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်ကောင်စီကို အပျော့နည်း၊ အမာနည်း စသဖြင့် နည်းပေါင်းစုံနှင့် ဖိအားပေးတွန်းလှန်လျက် ရှိသည်။ စစ်‌ကောင်စီမှာ အထိနာသဖြင့် ကမူးရှူးထိုး၊ သွေးရူးသွေးတန်းနှင့်လည်း တုံ့ပြန်နေသည်။ နိုင်ငံတကာတွင်လည်း စီးပွားရေးပိတ်ဆို့မှုများ၊ သံတမန်ရေး ရှုံးနိမ့်မှုများနှင့် ယခုဆိုလျှင် အာဂျင်တီးနားလို တရားရုံးကပင် တရားစစ်ဆေး စီရင်တော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။ ကုလနှင့်ပတ်သက်လျှင်တော့ အိုင်စီစီ၏‌ ရောမ သဘောတူစာချုပ်ကို လက်မှတ်မထိုးထားပါဟု အကြောင်းပြနိုင်သော်လည်း အာဂျင်တီးနား ကိစ္စ‌တွင်တော့ နောက်ဆုံးအဆင့် နိုင်ငံတကာရဲတပ်ဖွဲ့ကို အကူအညီတောင်းခံပြီး အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးခေါ်ဆောင်နိုင်သည်အထိ အားရစရာကောင်းစရာ အခြေအနေ ရောက်လာပေသည်။ 

ထို့‌ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် ပြည်တွင်း ပြည်ပ အဘက်ဘက်မှ အရူးမီးဝိုင်းလျက်ရှိပြီ ဖြစ်သည်။ မြန်မာပြည်သူလူထုအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သည့်၊ ကျူးလွန်လျက်ရှိသည့် ကြီးမား‌သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်ကောင်စီသည် ရာဇဝတ်ဘေး ပြေးလို့ မလွတ်နိုင်တော့ပြီ ဖြစ်နေပါတော့သည်။

နွေဦးဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013