DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိုမီခရွန်ကူးစက်သူပေါင်း ၁၀၄ ဦးအထိရှိလာ
DVB
·
December 22, 2021
ထိုင်းတွင် အိုမီခရွန်ကူးစက်သူပေါင်း ၁၀၄ ဦးအထိရှိလာ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုး ကူးစက်ခံရ  ၁၀၄  ယောက်အထိ တွေ့ရပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့မနက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ အနုထင်းချန်းဝီရကွန်းက ဒီကနေ့မနက် ဘန်ကောက်ဆယမ်ပါရာကွန်ကုန်တိုက်မှာ သတင်းထောက်တွေနဲ့ တွေ့စဉ် ဖြေကြား သွားတာပါ။

အိုမီခရွန်ပိုးကူးစက်ခံရသူရဲ့ ဝေဒနာဟာ အယ်လ်ဖာ၊ ဒယ်လ်ဒါ အမျိုးအစား ကိုဗစ်-၁၉ တွေထက်စာရင် ပိုပြီးမပြင်းထန်ပေမယ့် ကူးစက်မှု ပိုမြန်ဆန်လွယ်ကူတာကြောင့် ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသူတွေအနေနဲ့ တတိယအကြိမ် ထပ်ထိုးဖို့ ကျန်းမာရေးဝန်ကြီးက တိုက်တွန်းပါတယ်။ 

အခုလို အိုမီခရွန်ကူးစက်သူတွေထပ်တွေ့ပေမဲ့  နိုင်ငံကို Lockdown မပိတ်သေးကြောင်း၊ ပိတ်မယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၂၂ ဇန်နဝါရီလ ၄ ရက်နေ့ထိ စောင့်ကြည့်ပြီး အခြေအနေကောင်းရင် အမြန်ဆုံးဖြေလျော့ပေးမှာပါလို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက် အိုမီခရွန်ကူးစက်သူ ၆၃ ဦးတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး ဒီကနေ့မှာ စုစုပေါင်း ၁၀၄ ဦးတွေ့ရှိတဲ့အတွက် ၂ ရက်အတွင်း ၄၁ ဦး တိုးလာတာ ဖြစ်ပါတယ်။ 

ပိုးတွေ့သူတွေထဲမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် ကျိန်းခေါင်မြို့ကိုရောက်နေတဲ့ အသက် ၃၆ နှစ်ရွယ်  အင်္ဂလန်နိုင်ငံသားတစ်ဦး သဘာဝနှင့်ယဉ်ကျေးမှုနည်းပြဆရာ တယောက် လည်းပါဝင်ပါတယ်။

သူဟာ ဒီဇင်ဘာ ၁၃ ရက်က  ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်ကိုရောက်ပြီး ပိုးစစ်တာ မတွေ့ခဲ့သလို ကိုဗစ်ကာကွယ်ဆေးလည်းထိုးလာပြီးသားဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မနက်ပိုင်း ချင်းရိုင်းကို ရောက်ပြီး ညနေပိုင်းမှာ ကိုယ်တွေပူ၊ ချောင်းဆိုး၊ လည်ပင်းနာ၊ ကိုယ်လက်ကိုက်ခဲလာလို့ ဆေးရုံသွားခဲ့ရာမှာ ဆေးရုံက သူ့ရဲ့နမူနာကို ဓာတ်ခွဲ ခန်းပို့လိုက်တဲ့နောက် ၁၆ ရက်နေ့မှာ အိုမီခရွန်အမျိုးအစားဖြစ်ကြောင်း အဖြေထွက်ခဲ့တာပါ။ သူနဲ့နီးကပ်စွာရှိခဲ့သူတွေမှာ   အင်္ဂလန်မှ အတူခရီးထွက်လာသူ ၃ ဦး၊ ထိုင်းယာဉ်မောင်းသမား ၁ ဦးတို့ဖြစ်ပြီး အခြေအနေ စောင့်ကြည့် စစ်ဆေးခံနေရပါတယ်။ 

ဒါ့အပြင် ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ဘာသာရေးပွဲတော်သွားရောက်ပြီး ပြန်လာတဲ့ ထိုင်းနိုင်ငံသား ၃၁ ယောက်အနက် ၂၅ ယောက်မှာ အိုမီခရွန်တွေ့ရှိကြောင်း၊ သူတို့ဟာ ပိုးရှိမှန်း မသိခင်ကတည်းက ဘန်ကောက်၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ အယုဒ္ဓယ၊ နခွန်းရာ့ချ်ဆီမား စတဲ့ခရိုင်ရှိ မိမိနေရပ်တွေကို ပြန်သွားခဲ့တယ်လို့ နွန်ထပူရီလွှတ်တော်အမတ်ရဲ့ အပြောကို ကိုးကားပြီး Workpoint today သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းမှာ အိုမီခရွန်ပြည်တွင်းကူးစက်သူအနေနဲ့ နိုင်ဂျီးရီးယားပြန် လေယာဉ်မှူးတယောက်ရဲ့ ဇနီးဖြစ်သူမှာ ပထမဆုံးတွေ့ရှိပြီး မနေ့ကတော့ ဥဒွန်းဌာနီခရိုင်မှ အမျိုးသား တယောက် ထပ်မံတွေ့ရှိခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ခရီးသွားရာဇဝင်မရှိပေမဲ့ မက္ကာဘုရားဖူးပြန်ဇနီးမောင်နှံက သူ့ဆီလာရောက်လည်ပတ်သွားခဲ့လို့ သူတို့ဆီကနေကူးစက်ကြောင်း၊ ဒါကြောင့် ပြည်တွင်းကူးစက်သူ ၂ ဦးရှိ သွားပြီလို့  ထိုင်းနိုင်ငံကုသရေးနဲ့ဆေးပညာဌာန ညွှန်မှူး ဒေါက်တာ ဆူဖဆစ်က ကနေ့မနက်သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်ဗီဇမျိုးကွဲသစ်ကို ထိန်းချုပ်ဖို့  နိုင်ငံခြားသားဧည့်သည်တွေကို ရောဂါခြေချုပ်နဲ့ ကွာရန်တင်း မဖြစ်မနေထားရေး ထိုင်းအစိုးရက ပြန်သတ်မှတ် လိုက်ပြီး ဒီဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံသားတွေက စိတ်ပျက်ခဲ့ကြပါတယ်။

ကူးစက်ခံ ဟုတ်၊ မဟုတ် စမ်းသပ်ပြီးတာနဲ့ သွားခွင့်ပြုထားတဲ့ အစီအစဉ်ကို ရပ်လိုက်တာကြောင့် ခရီးသည်တွေဟာ ဟိုတယ်ကွာရန်တင်းအနေနဲ့ ၇ ရက်ကနေ  ၁၀ ရက်အထိ  ဟိုတယ်ထဲမှာ နေရတော့မှာပါ။

ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ကျော်ကြားတဲ့ ခေါက်ဆန်လမ်းမှာ စားသောက်ဆိုင် ပိုင်တဲ့ ဒေသခံ ထိုင်းတယောက်ကတော့ ဝင်ငွေလျော့မယ်လို့ ယူဆထားတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၁၈ လနီးပါးကြာအောင် ပြည်ဝင်ခွင့်မူဝါဒ တင်းကျပ်ထားတာကို အဆုံးသတ်ပြီး နိုဝင်ဘာလမှာ နိုင်ငံခြားသား ခရီးသည်တွေအတွက်  ပြည်ဝင်ခွင့်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

ပြည်ဝင်ခွင့် တင်းကျပ်ခဲ့လို့ ၂၀၁၉ မှာ ကမ္ဘာလှည့်ခရီးသည် အယောက် သန်း ၄၀ ဝင်ခဲ့တဲ့ ခရီးသွားလုပ်ငန်း ပြိုလဲခဲ့ပါတယ်။

ကိုးကား- WorkPoint/ BangkokBiz/ Reuters

ကိုးကား - https://workpointtoday.com/cluster-non/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013