DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှု အောက်ဆုံးအဆင့်ရောက်
DVB
·
January 24, 2014
လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှု အောက်ဆုံးအဆင့်ရောက်
Donate to DVB

ပြည်တွင်းမှာ ရှိနေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿနာတွေ အပါအ၀င် လယ်ယာကဏ္ဍနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုလည်း စောင့်ကြည့် လေ့လာနေတာကြောင့် လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုက အခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေနဲ့ ယှဉ်ရင် အောက်ဆုံးအဆင့်မှာ ရှိနေတာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawမြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးရက်အထိ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော် ရှိတဲ့အနက် လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံမှုက ကန်ဒေါ်လာ ၁၉၁ သန်းကျော်သာရှိလို့ ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းရဲ့ ၀ ဒဿမ ၄ ရာခိုင်နှုန်းဘဲ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် လယ်ယာကဏ္ဍအပေါ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက အခြားကဏ္ဍတွေနဲ့ ယှဉ်ရင် အောက်ဆုံးအဆင့်မှာလည်း ရှိနေတာပါ။

ဒါဟာ ပြည်တွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿနာအပါအ၀င် ပြဌာန်းထားရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေအပေါ် စောင့်ကြည့် လေ့လာနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအနေနဲ့ စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်း ရှိမှဘဲ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တဲ့အကြောင်းနဲ့ အစိုးရကလည်း ဒီအငြင်းပွားမှုပြဿနာကို နှောင့်နှေးကြန့်ကြာမှုမရှိအောင် ဖြေရှင်းပေးဖို့ လိုတဲ့အကြောင်း သူက အခုလိုပြောပါတယ်။

“လယ်ယာမြေသိမ်းဆည်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့တာတွေ လွှတ်တော် မှာလည်း ကော်မရှင်ရှိတာပဲ။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာတွေလည်း တက်လာပြီဆိုတော့ ဖြေရှင်း သင့်တာတွေကို မြန်မြန်ထက်ထက် ဖြေရှင်းလိုက်မယ်ဆိုရင် ဒီဟာတွေက ရှင်းသွားမယ့် သဘောရှိပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနတခုချင်းအလိုက် သီးခြားဖွဲ့ပြီး ရှင်းလိုက်မယ်ဆိုရင် ပိုမြန်မလားလို့။”
အလားတူ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း ဒီလယ်ယာမြေ အငြင်းပွားမှုပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အစိုးရ တခုတည်းက မဟုတ်ဘဲ လွှတ်တော်၊ လယ်သမားနဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး တွေ့ဆုံဆွေးနွေးကြမှသာ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီပြင် လက်ရှိ ပြဌာန်းထားရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့် ရင်းနှီးမြုပ်နှံမှုက အားနည်းနေတာ ဖြစ်တဲ့အကြောင်း သူက အခုလိုပြောပါတယ်။
ဒေါက်တာစိုးထွန်းက “လက်ရှိအနေအထားက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက် ရင်းနှီးမြှုပ်နှံလို့ ရမလဲ။ နောက်ပြီး ကိုယ်ရင်းနှီးမြှုပ်နှံထားတာတွေကို ပြည်ပကို သယ်လို့ ရ မရ အဲဒါကို မေးထားတာရှိတယ်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ ညှိနှိုင်းနေတယ် ဒါတော့ မထုတ်ပြန်ရသေးဘူး။ ဒါတွေသိမှပဲ ရင်းနှီးမြှုပ်နှံသူအနေနဲ့ သူတို့ရဲ့ အကျိုးအမြတ်ရမှ သူတို့လည်း လုပ်ချင်တာပေါ့”လို့ ပြောပါတယ်။

မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က လယ်ယာလုပ်ငန်းခွင်နဲ့ ပတ်သက်လို့ အသက်မွေးဝမ်းကျောင်း ပြုနေတာ ဖြစ်ပြီး အများစုကလည်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်နိုင်မှသာ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှာ ဖြစ်တဲ့အကြောင်း ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က အခုလို ပြောပါတယ်။
“အဓိကတော့ ပေါ်လစီပေါ့နော်။ ကျနော်တို့ အမြဲတမ်းပြောနေတဲ့ ပေါ်လစီကို ကောင်းကောင်းမွန်မွန်ချနိုင်မှသာလျှင် ကျနော်တို့ရဲ့ တိုးတက်မှုကို ဖော်ဆောင်လို့ရမှာပါ။ ပေါ်လစီ မရှိပဲနဲ့ စိတ်ကူးရှိတာတွေ လျှောက်ပြီး ဆောင်ရွက်နေမယ်ဆိုရင် လက်တွေ့မှာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။”

ဒီ့နောက် ဗြိတိန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံဖို့အတွက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးသံတမန် မစ္စတာ ဂျိမ်းစ်တောင်းဆင်းက ကျနော်အနေနဲ့ မြန်မာနိုင်ငံကို ၆ ရက်ကြာ လာရောက် လည်ပတ်တာပါ။

ဒီအတွက် မြန်မာ့ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခြေအနေမှန်တွေကို ပိုမို သိရှိနိုင်ဖို့အတွက် အစိုးရ အပါအ၀င် သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒီအပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီ တွေကိုလည်း ပေးသွားမှာဖြစ်တဲ့အကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့က ဗြိတိသျှသံရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာ့လယ်ယာကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံဖို့အတွက် ဂျပန်၊ ထိုင်း၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေက စိတ်ဝင်စားမှု ရှိနေတယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျပန်နိုင်ငံက မစ်ဆူရှီကော်ပိုရေးရှင်းကုမ္ပဏီတခုကဘဲ ဂျပန်မြန်မာ rice industry complex လုပ်ငန်းကြီးကို မြန်မာ့လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်းနဲ့ အကျိုးတူ တည်ထောင်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013