DVB Logo
Home
မြန်မာသတင်း
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်ပြင်ဆင်အတည်ပြု
DVB
·
January 23, 2014
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်ပြင်ဆင်အတည်ပြု
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ပြင်ဆင်ချက်တင်သွင်းပြီး အတည်ပြုလိုက်ပါတယ်။

parliment 1ဒီနေ့ လွှတ်တော်မှာ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက မြန်မာနိုင်ငံ အမျိုးသားအခွင့်အရေးကော်မရှင် ဥပဒေကြမ်းအပေါ် ပြင်ဆင်ချက် အဆိုတင်သွင်းပြီး ကိုယ်စားလှယ်တွေက ထောက်ခံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီး ရေးဆွဲပြီး သမ္မတထံကနေ လွှတ်တော်ထံ တင်သွင်းခဲ့တာပါ၊

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့တာဖြစ်ပြီး အခုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေကြမ်းသာ ဥပဒေအဖြစ် အတည်ဖြစ်ခဲ့ရင် အဲဒီကော်မရှင်ကိုပါ အသစ်ပြန်လည်ဖွဲ့စည်းကြရမှာ ဖြစ်ပါတယ်။

အခု လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အောင်မှတ်ရပေမယ့် ဂုဏ်ထူးမှတ်တော့ မရဘူးလို့ Equal Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ် ပြောကြားပါတယ်။

“ဥပဒေကြမ်းထဲမှာ အရင်ကထက် ထူးခြားတဲ့ အချက်ကတော့ အရင်တုန်းက သမ္မတက တိုက်ရိုက်ခန့်အပ်တာဖြစ်တယ်။ ဒါပေမယ့် ဒီ ဥပဒေကြမ်းထဲမှာ ရွေးချယ်ရေးအဖွဲ့ ပါလာတယ်။ ရွေးချယ်ရေးအဖွဲ့ကနေ အမည်စာရင်းတင်သွင်းပြီးတော့မှ သမ္မတက လုပ်ဆောင် ခန့်အပ်ရမယ် ဆိုတော့ လုပ်ငန်းစဉ်တခုက ကောင်းလာတယ်။ ဒါပေမယ့် ရွေးချယ်ရေးအဖွဲ့ထဲမှာ ပါဝင်ရမယ့်သူ အရည်အတွက်ကို ကြည့်မယ်ဆိုရင် အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုတွေ လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုက နည်းပြီးတော့ အစိုးရဌာန ၀န်ကြီးတွေ ပါဝင်မှုက ပိုများနေတာ ဒါနည်းနည်းလေး အားနည်းနေတာဖြစ်ပါတယ်။ နောက်ထပ်တခုက လုပ်ပိုင်ခွင့်က အရင်ကထက်ပိုပြီး တိတိကျကျဖြစ်လာတယ်။ ဖြစ်တဲ့ ကိစ္စတွေကို စုံစမ်းလို့ရတယ်၊ တိုင်ကြားမှုကို လက်ခံလို့ရတယ်ပြောတယ်။ တကယ့်လုပ်ထုံးလုပ်နည်း အပိုင်းမှာ ကြည့်မယ်ဆိုရင် အားနည်းချက်က ထောက်ပြလို့ရတယ်။ ဘာကို ပြောရမလဲဆိုရင် အစိုးရဌာနတွေရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး လိုအပ်ရင် စာရွက်စာတမ်းတွေ တောင်းနိုင်တယ်လို့ ခွင့်ပြုထားပေမယ့် အဲဒီ စာရွက်စာတမ်းတွေထဲမှာ အဲဒီဌာနက ထိပ်တန်းလျှို့ဝှက်လို့ သတ်မှတ်ထားရင် တောင်းပိုင်ခွင့် မရှိဘူး။ အဲဒီတော့ မဖြစ်မနေ စာရွက်စာတမ်းတွေရနိုင်တဲ့ အနေအထား အားနည်းနေတယ်။ နောက်တခုက အကျဉ်းထောင်ကို သွားပြီး လေ့လာလို့ ရပေမယ့် အကျဉ်းထောင်ကို မသွားခင်မှာ ကြိုတင်ပြီးတော့ အသိပေးရမှာဖြစ်တဲ့အတွက် အစဉ်အလာ အရဆိုရင် ဒါမျိုး ကြိုတင်အသိပေးရင်တော့ အကျဉ်းထောင်ရဲ့ အခြေအနေက နေ့ချင်းညချင်း ပြောင်းသွားတဲ့ ဟန်ပြတွေ ဖြစ်တဲ့အတွက် ၂ ရက်လောက်ပဲ ကြိုတင်အကြောင်း ကြားမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ရှိရင်ကောင်းပါတယ်။ ကျနော်တို့ ပြောမယ်ဆိုရင် အရမ်းကြီး အဆိုးကြီးတော့ မဟုတ်ပါဘူး၊ အောင်မှတ်တော့ ရထားပြီးသားပါ။ ဒါပေမယ့် တကယ်ကို ကောင်းမွန်တဲ့ လူ့အခွင့်အရေးကော်မရှင် တရပ်ပေါ်ပေါက်လာဖို့အတွက် ပိုမိုကောင်းမွန်စေချင်လို့ ဂုဏ်ထူးနဲ့ အောင်စေချင်လို့ အခုလိုမျိုး လိုအပ်ချက်တွေ ထောက်ပြတာဖြစ်ပါတယ်။”

အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း ပြီးခဲ့တဲ့လွှတ်တော်အတွင်း တင်သွင်းခဲ့တာ ဖြစ်ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ ပေးပို့ထားတာကို ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီး ပြင်ဆင်ချက်နဲ့အတူ အမျိုးသားလွှတ်တော်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို ဒီတကြိမ် လွှတ်တော်သက်တမ်းကာလမှာ အပြီးသတ် ဆွေးနွေးအတည်ပြု သွားမှာလည်း ဖြစ်ပါတယ်ဗျာ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ နိုင်ငံတော်သမတရုံးထံကနေ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာငွေကျပ် သန်း ၁၉၀ သုံးစွဲခဲ့ပြီး အခု ဘဏ္ဍာနှစ်အတွက် သုံးစွဲဖို့ မြန်မာငွေ ကျပ် ၃၁၉ သန်း သုံးစွဲဖို့ လျာထား တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013