DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မှာ လမ်းဘေးဈေးဆိုင်တွေ စတင် ဖယ်ရှား
DVB
·
January 23, 2014
တာချီလိတ်မှာ လမ်းဘေးဈေးဆိုင်တွေ စတင် ဖယ်ရှား
Donate to DVB

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ လမ်းဘေးဈေးဆိုင်တွေကို သက်ဆိုင်ရာက စတင် ဖယ်ရှား ရှင်းလင်းနေတဲ့အတွက် စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ လမ်းဘေးဈေးသည်တွေက ပြောပါတယ်။

Tarchilateတာချီလိတ်မြို့မှာ အထွေထွေအုပ်ချုပ်ရေး၊ မြို့စည်ပင်သာယာ၊ ဆောက်လုပ်ရေးနဲ့ ရဲတပ်ဖွဲ့စတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ဥပဒေနဲ့ မညီညွတ်တဲ့ လမ်းဘေးဈေးဆိုင်တွေကို ဖယ်ရှားဖို့ လိုက်လံ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် တာချီလိတ်လေဆိပ်အ၀င်အထွက်၊ စက်မှုဇုန်ရပ်ကွက် လမ်းဘေး ပလက်ဖောင်းအတွင်းမှာ ရှိတဲ့ အအေးဆိုင်၊ ထမင်းဆိုင်နဲ့ အကြော်ဆိုင်စတဲ့ လမ်းဘေး ဈေးဆိုင်တွေ အားလုံးကို ဒီကနေ့ စတင်ဖျက်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြား ထားတယ်လို့ လမ်းဘေးဈေးသည်တဦးဖြစ်တဲ့ ဒေါ်တင်မျိုးအေး က ပြောပါတယ်။

“မနက်ဖြန်အပြီးဖြတ် ဒီလကုန်အထိ အချိန်မရှိဘူးတဲ့။ အပြီးဖြတ် နင်တို့ကို မမြင်ချင်ဘူးတဲ့။ ကျမတို့က ဒီမှာနေတာ ကျောင်းသား ၂ ယောက်ရှိတယ်။ ကျမယောက်ျားက ဒီမှာ အလုပ်လုပ်တယ်။ ဒီဆိုင်ထဲမှာ အိပ်၊ ဒီမှာပဲ ချက်စားတယ်။ ရှင်းရှင်းပြောရင် မဖယ်ချင်ဘူး။ ဆက်ရောင်းအုံးမှာပဲ ဘော်ရိုဇာနဲ့ လာထိုးလည်း ထိုးပစေတော့ရှင်။ လမ်းဘေးမှာ ဈေးရောင်းတာ မိသားစုလေး ပြေလည်တယ်လို့ ၀မ်းသာတုန်းရှိသေးတယ်။”

အကြော်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တဦးဖြစ်သူ ဦးသိန်းထူးက လည်း သက်ဆိုင်ရာအနေနဲ့ လမ်းဘေးဈေးသည်တွေကို ဈေးရောင်းလို့ ရနိုင်မယ့် ဆိုင်နေရာတွေ အစား ပြန် စီစဉ်ပေးစေချင်တယ်လို့ ခုလိုပြောပါတယ်။

“ဖျက်ရမယ်ဆိုရင်တော့ စားဝတ်နေရေးနဲ့ ကလေးတွေ ကျောင်းစရိတ်တွေ ဘာတွေနဲ့ အခက်အခဲတွေ ဖြစ်သွားနိုင်တာပေါ့။ ဆိုင်ခန်းငှားတော့လည်း ဆိုင်ခန်းတွေက ဘယ်မှ ငှားလို့ မရဘူးဖြစ်နေတာ။ ဖြစ်စေချင်တာတော့ ကျနော်တို့က ဆိုင်မဖျက်ရဖို့ပေါ့။ တကယ်လို့ ဆိုင်ဆောက်ပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဆိုင်ဆောက်ပေးမယ် အခု လောလောဆယ် ဖျက်ပေးဆိုရင်လည်း ဖျက်ပေးမှာပါ။”

တာချီလိတ်မြို့နယ် စည်ပင်သာယာဌာနက အရာရှိတဦးကတော့ လမ်ဘေးဈေးသည်းတွေဟာ ဆိုင်မှာ ဈေးရောင်းရုံသာမက လူတွေပါ တရားမ၀င် နေထိုင်နေတဲ့အတွက် ဆောက်လုပ်ရေး ဥပဒေနဲ့ မညီညွတ်လို့ ဆိုင်တွေကို ဖယ်ရှားဖို့ ညွှန်ကြားထားတာလို့ ပြောပါတယ်။

“မနေ့တုန်းက မြို့နယ်စည်ပင်ကော်မတီနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီအသီးသီးကနေပြီး ဆောက်လုပ်ရေးလမ်းဘေးမှာ ရှိတဲ့ ဆိုင်ခန်းတွေကို မြို့နယ်ပြည်သူတွေ ရပ်ကွက်က သတင်းပို့ကြတော့ မနေ့က အစည်းအဝေးမှာ ဆောက်လုပ်ရေးကနေ ဦးဆောင်ပြီး မရောင်းဖို့ သွားပြောကြတာ။ လမ်းဘေးမှာ သူတို့က အိမ်သဖွယ်နေနေကြတာ အဲဒါကို ဆောက်လုပ်ရေး ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့ သွားအကြောင်းကြားကြတာ။ တချို့က ဈေးရောင်းတယ်၊ တချို့က လူတွေနေကြတယ်။ အဲဒါကို ဆောက်လုပ်ရေးဥပဒေ မလွတ်ကင်းဘူးဆိုပြီး ဥပဒေအရ သွားဖယ်ခိုင်းတာပါ။ ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးက ဦးဆောင်ပြီးလုပ်တာ။ လူဝင် လူထွက် ကသိကအောက်ဖြစ်မယ့်နေရာ ကားတွေ ကသိကအောက်ဖြစ်မယ့် နေရာတွေကို ကျနော်တို့က ဖယ်ခိုင်းတယ်။ လမ်းကြားအတွင်းမှာ ရောင်းတဲ့ဆိုင်တွေကို ဘာမှ မလုပ်ပါဘူး။”

တာချီလိတ်မြို့မှာ မြို့သာယာလှပရေးအတွက် မြို့တွင်းလမ်းမတွေပေါ်မှာ ရှိတဲ့ ကျူးကျော် လမ်းဘေးဆိုင်တွေကို ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆောင်ရွက်နေတာ ဖြစ်ပြီး ဖယ်ရှားမပေးရင် အရေးယူမယ်လို့ လည်း သတိပေး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013