DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်ခွင့် ကုလပန်ကြား
DVB
·
December 21, 2021
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်ခွင့် ကုလပန်ကြား
Donate to DVB

ထိုင်း- မြန်မာနယ်စပ်က လတ်တလော တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ထဲကနေ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည်အတွက် အကူအညီတွေပေးရေး အရေးပေါ်သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို မနေ့က  ပန်ကြားလိုက်ပါတယ်။ 

တိုက်ပွဲတွေကြောင့် စစ်ရှောင် မြန်မာဒုက္ခသည်  ၃၉၀၀ လောက်ထိရှိနေပြီး ဒီဒုက္ခသည်တွေ အတွက် UNHCR က စိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်အကူညီပေးခွင့်ပြုဖို့ UNHCR ကရော NGO အဖွဲ့တွေကပါ ထိုင်းအာဏာပိုင်တွေကို ပန်ကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကနေ ထိုင်းနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကာအကွယ်နဲ့ အကူအညီတွေ လိုအပ်ကြောင်းနဲ့  UNHCR အနေနဲ့   လိုအပ်တဲ့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့  အကာအကွယ်ပေးရေး အထောက်အပံ့တွေပေးအပ်ဖို့ အဆင်သင့်ရှိကြောင်း ဆိုထားပါတယ်။

မြဝတီခရိုင် ကေအန်ယူပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား  တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူ မနေ့အထိ  စုစုပေါင်း ၁၀၀၀၀ နီးပါးရှိလာပြီလို့  ထိုင်းတာဝန်ရှိသူတွေနဲ့ နီးစပ်သူတစ်ဦးက ခန့်မှန်း ပြောပါတယ်။

ထိုင်းရောက် စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းအစိုးရ သီးသန့်နေရာစီစဉ် နေရာချထားပေးပြီး ထိုင်းပြည်သူတွေနဲ့ ထိုင်းရောက်မြန်မာတွေကလည်း စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ကူညီ လှူဒါန်းပေးနေကြပါတယ်။ 

ဒါ့အပြင် ကူညီပေးမယ့်အဖွဲ့တွေကို အဲဒီ စစ်ဘေးရှောင်စခန်းအထိ ပေးမဝင်ဘဲ စစ်ဘေးရှောင်နဲ့ သိပ်မဝေးတဲ့ နေရာတခုမှာ ဂိတ်တွေထားပြီး ပစ္စည်းတွေကို လက်ခံပေးပြီး ပြန်ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခွန်မွန်းခွန်းကတော့ ဒုက္ခသည်တွေတွက် သောက်သုံးရေနဲ့ အစားသောက်အပြင် ၊ အမှိုက်အိတ်တွေ၊ ကလေးနဲ့ အမျိုုးသမီး အသုံးအဆောင်ပစ္စည်တွေအပြင်  ခြင်ကာကွယ်နိုင်တဲ့ ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

ကေအန်ယူကတော့ ဒီတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ သူတို့အတွက် သင့်တော်တဲ့ နေရာထိုင်ခင်း ချထားပေးမှု ရရှိရေးအတွက်လည်း မျှော်လင့်ကြောင်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေနဲ့ တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝင်ရောက်တွေ့ဆုံခွင့်နဲ့ လိုတဲ့အကူအညီတွေ ပေးနိုင်ရေးအတွက် ကူညီပံ့ပိုးမှုတွေ စီစဉ်ဆောင်ရွက်ဖို့လည်း ကေအန်ယူက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013