DVB Logo
Home
မြန်မာသတင်း
လောခီးလာ တိုင်းရင်းသားညီလာခံကို ၀တပ်ဖွဲ့ ထောက်ခံအားပေး
DVB
·
January 23, 2014
လောခီးလာ တိုင်းရင်းသားညီလာခံကို ၀တပ်ဖွဲ့ ထောက်ခံအားပေး
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် လောခီးလာမှာ လက်ရှိ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ဒုတိယအကြိမ်မြောက်ညီလာခံကို ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျုအက်စ်အေ)က ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။

NCCT2thConference 23012014(4ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတာ ဖြစ်ပြီး ၀ တပ်ဖွဲ့အနေနဲ့ အဲဒီ ညီလာခံကို မတက် ရောက်နိုင်ပေမယ့်လည်း အဲဒီ ညီလာခံကို ထောက်ခံအားပေးတယ်လို့ ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ညီလာခံ မတက်ရောက်နိုင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သူက ခုလိုရှင်းပြပါတယ်။

“ကျနော်တို့ကို ဖိတ်တယ်။ သူတို့ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာပါတယ်။ ကရင်အဖွဲ့က စောကွယ်ထူးဝင်းပါ။ ဒီလ ၈ ရက်နဲ့ ၉ ရက်ပေါ့။ ဒါပေမယ့် သူတို့ ဆွေးနွေးမယ့်မူကြမ်းကို ကြိုတင်မရဘူး။ အရင်လည်း မတွေ့ရဘူး။ ဟိုဆွေးနွေးကျမှ ၂ ရက်အတွင်း ၃ ရက်အတွင်းမှာ သွား ဆွေးနွေးဖို့ဆိုတော့ ကျနော်တို့ လူကြီးတွေမှာ ဘာသာစကား အခက်အခဲ ရှိတယ်။ ကျနော်တို့ လူကြီးတွေက ဗမာစကား မတတ်တော့ စာတမ်းရှိလည်း တခါတည်းဆွေးနွေးတာ အခက်အခဲရှိတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဆွေးနွေးမယ့် မူကြမ်းကို တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ရဲ့ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ၀ ဒေသကနေ မပြန်ခင် ပေးထားခဲ့ပေမယ့်လည်း ၀ ဘာသာကို ပြန်ဆိုဖို့နဲ့ အဖွဲ့ထဲမှာ ဆွေးနွေးရမှာမို့ ဒုတိယအကြိမ် ညီလာခံတက်ဖို့ အချိန်မမီကြောင်း သူက ထပ်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) ထိန်းချုပ် နယ်မြေ လိုင်ဇာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ညီလာခံမှာလည်း ဆွေးနွေးမယ့် စာတမ်းကို ကြို မသိရတဲ့အတွက် ဆွေးနွေးပွဲ မတက်ခဲ့ရဘူးလို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ညီလာခံဆုံးဖြတ်ချက်ကိုတော့ နောက်ပိုင်းမှာ သိရပြီး အချက်အလက် တော်တော်များများ သဘောတူတာ ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ရေးဖို့ကိစ္စမှာဘဲ သဘောမတူမှုတွေ တွေ့ရကြောင်း သူက ခုလိုပြောပါတယ်။

“၂၀၀၈ အခြေခံဥပဒေ အကုန်ဖျက် အကုန်ပြန်ရေးမယ်။ အသစ်ပြန်ရေးမယ်ဆိုတဲ့ဟာ ဒါလည်း ကျနော်တို့က သဘောမတူတာလေးတွေ ရှိတယ်။ အမြင်မတူဘူးပေါ့ဗျာ၊ ကျနော်တို့ သဘောကတော့ ၂၀၀၈ အခြေခံဥပဒေကို အခြေပြုပြီးတော လိုတဲ့အပိုင်း ပြင်စရာ ရှိတာလေးတွေ ပြင်သွားဖို့ပေါ့။ အကုန်လုံး ပယ်ဖျက်ပြီး အသစ်ပြန်ရေးတာတော့ အားလုံး အတွက်က မကောင်းဘူးနဲ့တူတယ်။”

လောခီးလာ ညီလာခံကို ကြိုဆိုပေမယ့် ညီလာခံက ရရှိလာတဲ့ ဆုံးဖြတ်ချက်တွေပေါ် သဘောတူ၊ မတူကိုတော့ အဲဒီ အချက်အလက်ကို တွေ့မြင်ရပြီး ၀ တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပြီးမှ ပြောနိုင်မယ်လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အတွင်းမှာဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အဲဒီနောက် ကေအန်ယူ၊ ကေအိုင်အေနဲ့ အက်စ်အက်စ်အေအစရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေပါ ပေါ်ပေါက်လာခဲ့ကြောင့် နှစ် ၆၀ အတွင်း တိုင်း ပြည် အေးချမ်းမှု မရရှိခဲ့တဲ့ ပြဿနာဟာ ချုပ်ငြိမ်းဖို့ အချိန်တိုင်ပြီဖြစ်ကြောင်း၊ လက်ရှိ အစိုးရ ဆောင်ရွက်နေတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စဟာ မြန်မာနိုင်ငံ သမိုင်းဖြစ်စဉ်မှာ အရေးကြီးလှပါကြောင်း ဦးအောင်မြင့်က ပြောသွားပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(ယူဒဗလျူအက်စ်အေ)ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ခဲ့တဲ့အဖွဲ့ ဖြစ်ပြီး မြန်မာအစိုးရနဲ့ ၁၉၈၉ ခုနှစ်ထဲမှာ ၁ ကြိမ်၊ ၂၀၁၁ ခုနှစ်မှာ ၁ ကြိမ် အပစ်အခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ စစ်သည်အင်အား အတောင့်တင်းဆုံး ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲမှာ အထူးဒေသ ၂ အဖြစ် မြို့နယ် ၆ ခုကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013