မကွေးမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ အဓိက စီးပွားရေးထောက်တိုင်ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် တစ်တိုင်ကို မကွေး No Chair ပြောက်ကျားတပ်ဖွဲ့နဲ့ ဗိဿနိုးPDF တို့ ပူးပေါင်းပြီး ဗုံးခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မကွေး-တောင်တွင်းကြီး ကားလမ်း သစ်ရာကောက်ကျေးရွာနားက အမ်ပီတီနဲ့ မိုင်တဲလ် တွဲထားတဲ့ မိုင်တဲလ် တာဝါတိုင်တစ်တိုင်ကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး Circuit Box ပျက်စီးသွားတယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။
ပြည်သူတွေဆီကနေ အင်တာနက်အသုံးပြုခ အဆမတန် တိုးမြှင့်ကောက်ခံတာရယ်၊ စစ်ကောင်စီရဲ့ အဓိကစီပွားရေးထောက်တိုင် ဖြစ်တာကြောင့် ဗုံးခွဲဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။
“ကျနော်တို့ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်တွေအားလုံးကို ရရာနည်းနဲ့ ဖြိုလှဲဖျက်ဆီးပစ်ရမယ်။ စစ်ကောင်စီမိသားစုတွေနဲ့ ဆက်နျွယ်တဲ့သူတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်း အားလုံးကို သပိတ်မှောက်ကြရမယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်အုပ်စုက ထုတ်တဲ့ ပစ္စည်းမှန်သမျှကို မသုံးစွဲခြင်းနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်တယ်” လို့ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။
No Chair ပြောက်ကျားတပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း မဟာမိတ်တပ်ဖြစ်တွေနဲ့ဖြစ်ဖြစ် အလျဉ်းသင့်သလို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဒလန်တွေ၊ စီးပွားရေးမိတ်ဖက်တွေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ ပတ်သက်ဆက်နွှယ်နေတာတွေအားလုံးကို တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။