DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နာရေးကူညီမှုအသင်းကို လာရောက်လှူဒါန်းသည့် ဆေးဝါးများ တားဆီးခံရ
DVB
·
January 23, 2014
ရန်ကုန်နာရေးကူညီမှုအသင်းကို လာရောက်လှူဒါန်းသည့် ဆေးဝါးများ တားဆီးခံရ
Donate to DVB

အစိုးရသစ်လက်ထက်မှာလည်း ရန်ကုန် နာရေးကူညီမှုအသင်းကို လာရောက် လှူဒါန်းတဲ့ ဆေးဝါးတွေ တားဆီးခံရဆဲ ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

ပြည်ပနိုင်ငံက ပါမောက္ခကြီးတွေနဲ့ ဆရာဝန်ကြီးတွေ ပါလာတဲ့ အခမဲ့ ဆေးကုသပေးတဲ့ အဖွဲ့ဟာ လူနာပေါင်း ၄ ထောင်နီးပါးလောက် ကုသပေးနိုင်ခဲ့ပြီး ပိုတဲ့ ဆေးသေတ္တာ ၃ လုံးကို ပြည်သူလူထုတွေအတွက် ဦးကျော်သူရဲ့ "သုခကုသိုလ်ဖြစ်ဆေးခန်း"ကို လှူဖို့ လုပ်ရာမှာ တားဆီးခံရတာ ဖြစ်ပါတယ်။

FPPSလှူရင် နောက်တခေါက် မြန်မာပြည်ဝင်ခွင့် ခက်သွားမယ်လို့ ခြိမ်းခြောက်တာတွေ ရှိသလို အလှူရှင်နောက်လိုက် စစ်ဆေးမေးမြန်းတာတွေလည်း ရှိတယ်လို့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အခုလို ပြောပါတယ်။

“လှူတယ်ဆိုရင် နောက် မြန်မာပြည်ဝင်ခွင့် ခက်သွားမယ်ဆိုပြီး ဒါမျိုး ခြိမ်းခြောက်တဲ့ အနေအထားမျိုးကို အလှူရှင်တွေကို ပြောတယ်။ တခါမှ ကျနော်တို့ဆီကို တိုက်ရိုက်လာပြီး ပြောတာတော့ မရှိဘူး။ ဒါပေမယ့် အရင်တုန်းက ကျနော်တို့ဆီကို မော်တော်ကားလှူတယ်ဆိုရင် ဘယ်သူလှူတာလဲ၊ အလှူရှင်ဘယ်သူဆိုပြီး အလှူရှင်နောက်လိုက်၊ ဘာကြောင့်လှူတာလဲ၊ တန်ဖိုးငွေ ဘယ်လောက်ရှိလဲ ဒါမျိုးတွေကတော့ ခဏခဏဖြစ်ဖူးတယ်။”

နိုင်ငံတော်သမ္မတကိုယ်တိုင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဟာ ကူညီဖေးမပေးတာကို သိရှိပြီး ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ထားပြီး ဖြစ်ပါတယ်။

“သမ္မတကြီး ဦးသိန်းစိန်ကတောင် နာရေးကူညီမှုအသင်း ရန်ကုန်က အများပြည်သူကို တကယ့်ကို အနစ်နာခံပြီး ကူညီဖေးမပေးနေတဲ့အတွက် ဂုဏ်ပြုပါတယ်ဆိုပြီး ဂုဏ်ပြုလွှာကြီးတောင် ကျနော်တို့ဆီ ရောက်ပြီးပြီ။ အောက်ခြေက ပစ္စည်းလှူတာတောင် ဟန့်တားဆိုရင် ဒါ သမ္မတ စကားကို သူတို့ နားမထောင်တာပေါ့။ တိုင်းပြည် အုပ်ချုပ်တဲ့ သူရဲ့ စကားကို နားမထောင်ရာရောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ချင်သုံးသပ်ကြဖို့ ဒါပဲ ပြောချင်တယ်။ ဒုက္ခရောက်တဲ့သူက အကူအညီတောင်းရင် ကျနော်တို့က ကူညီရမှာပဲ။ ဒါလူမှုရေးသမားတွေရဲ့ သန္နိဋ္ဌာန်၊ ဟိုကို မလှူရဘူး။ ဒီကို မလှူရဘူး၊ ဒါမျိုးတွေလုပ်တာက အင်မတန်ကို သေးသိမ်တဲ့ လုပ်ရပ်လို့ ကျနော်က ပြောချင်တယ်။”

ရဲတပ်ဖွဲက အများပြည်သူကို ကူညီနေတဲ့ အသင်းအဖွဲ့တွေကို ပိတ်ပင် တားဆီးတာမျိုး မရှိခဲ့ဘူးလို့ မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်စိုးထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ မလုပ်ပါဘူး။ ကျနော်တို့ ရဲတပ်ဖွဲ့ကတော့ အားလုံးကို ပွင့်ပွင့်လင်းလင်းပါပဲ ခင်ဗျ။ အဲဒီလိုမျိုး ဆောင်ရွက်တာ မရှိပါဘူး။ အုပ်ချုပ်ရေးပိုင်းကို စုံစမ်း ကြည့်ပါခင်ဗျ။ ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ကတော့ ဆောင်ရွက်တာလည်း မရှိပါဘူး။ အဲလို သတင်းတင်ထားတာလည်း မရှိပါဘူး။”

နာရေးကူညီမှုအသင်း(ရန်ကုန်)ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မင်္ဂလာတောင်ညွန့်တရားပွဲအလှူနဲ့ ပခုက္ကူရေဘေး အကူအညီပေးတဲ့ နေရာတွေမှာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ တားဆီးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013