
အိန္ဒိယနိုင်ငံက အရေးကြီးတဲ့ ပြည်နယ် ၄ ခုမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မေ ၄ ရက်က မဲတွေ စတင် ရေတွက်ခဲ့ပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ပါတီက ပြည်နယ် ၂ ခုမှာ အနိုင်ရမယ်လို့ ခန့်မှန်း ထားပါတယ်။
ဒါဟာ မိုဒီရဲ့ရာထူး တတိယသက်တမ်းရဲ့ ထက်ဝက်နီးပါးမှာ သူ့ပုံရိပ်ကို မြှင့်တင်ပေးခဲ့တာပါ။
ရွေးကောက်ပွဲအရာရှိတွေက မဲပေးစက်တွေကို စစ်ဆေးပြီး တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ တမီးလ်နာဒူး၊ ကဲရာလာနဲ့ နိုင်ငံ အရှေ့ပိုင်းက အနောက်ဘန်ဂေါ ပြည်နယ်၊ နိုင်ငံ အရှေ့ပိုင်းနယ်စပ် က အာသံပြည်နယ်၊ ပြည်ထောင်စုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ နိုင်ငံတောင်ပိုင်းက ပူဒူချယ်ရီ ပြည်နယ်တို့မှာ မဲတွေကို ရေတွက်ခဲ့ပါတယ်။
မိုဒီရဲ့ ဘာရာတီယာ ဂျနတာပါတီဟာ အနောက်ဘန်ဂေါပြည်နယ်ကို ဘယ်တုန်းကမှ မအုပ်ချုပ်ခဲ့ ဖူးဘဲ အသံကျယ်ဆုံး ပြိုင်ဘက်တဦး ဖြစ်တဲ့ မာမာတာ ဘန်နာဂျီးနဲ့ အပြင်းအထန် တိုက်ပွဲ ဝင်ခဲ့ ဖူးပါတယ်။
မဲရုံထွက်ပေါက်မှာ ကောက်ခံတဲ့ စစ်တမ်းတွေအရ ဘန်နာဂျီးအတွက် ရှုံးနိမ့်မှုဟာ ၂၀၂၉ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံတွေကို အားနည်းစေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောခဲ့ပါတယ်။
အီလက်ထရွန်းနစ်နဲ့ ကားတွေအတွက် အဓိကစက်မှုလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ တမီးလ်နာဒူး ပြည်နယ်မှာ ရုပ်ရှင်သရုပ်ဆောင်ကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ဗီဂျေးရဲ့ တမီလာဂါ ဗက်ထရီ ခါဇာဂမ်ပါတီ (TVK) ပါတီဟာ နောက်ဆုံးရလဒ်မကြေညာမီ အစောပိုင်း မဲရေတွက်မှုအရ အာဏာရ DMK ပါတီရဲ့ မဟာမိတ်အဖွဲ့ထက် အပြတ်အသတ် ဦးဆောင်နေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကဲရာလာပြည်နယ်မှာ အာဏာရအိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) နဲ့ မဟာမိတ်တွေက ကွန်ဂရက် ပါတီဦးဆောင်တဲ့ အတိုက်အခံမဟာမိတ်အဖွဲ့ကို အကြိတ်အနယ် ယှဉ်ပြိုင်နေရပြီး ရှုံးနိုင်တယ်လို့ မဲရုံ ထွက်ပေါက်မှာ ကောက်ခံတဲ့ စစ်တမ်းတွေက ပြသနေပါတယ်။
ပြည်နယ်ရွေးကောက်ပွဲရလဒ်ဟာ ပြည်ထောင်စုအဆင့်မှာ မူဝါဒ ဒါမှမဟုတ် နိုင်ငံရေးကို သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပေမဲ့ မိုဒီရဲ့ အာဏာရညွန့်ပေါင်းအဖွဲ့အပေါ် မဲဆန္ဒရှင် တွေရဲ့ ခံစားချက်ကို အဓိကညွှန်ပြချက်တခုအဖြစ် အနီးကပ်စောင့်ကြည့်နေကြပါတယ်။
Source:Reuters










