DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ
DVB
·
January 22, 2014
ဘန်ကောက်ဆန္ဒပြမှုကြောင့်  အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆန္ဒပြသမားတွေက အဓိကလမ်းဆုံတွေကို ပိတ်ဆို့ဆန္ဒပြပြီး ၁၀ ရက် အကြာ ထိုင်းအစိုးရဘက်ကလည်း ဘန်ကောက်နဲ့တကွ အခြားခရိုင် ၃ ခုကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

[caption id="attachment_50641" align="alignleft" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဘန်ကောက်ခရိုင် မြို့နယ်ပေါင်း ၅၀ နဲ့တကွ နွန်ထပူရီခရိုင် လတ်လုမ်ကယောက် မြို့နယ်၊ ပထုန်ဌာနီခရိုင် ဘန်ဖလီမြို့နယ်နဲ့ ဆမွတ်ပရကန်ခရိုင် စတဲ့ ဒေသတွေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိဆန္ဒပြမှုဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ သာမာန်ဆန္ဒပြမှုထက် လွန်ကဲပြီး နိုင်ငံတော်အာဏာကို လိုလားတဲ့ပုံစံ ဖြစ်နေသလို၊ နိုင်ငံ့အချုပ်အခြာ လုံခြုံရေး၊ အပြစ်မဲ့ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေ ထိပါးလာမယ့် အခြေအနေမှာ ရှိတာကြောင့် အဆိုပါ ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ ဇန်န၀ါရီလ ၂၁ ရက် ထိုင်းဝန်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းအစိုးရရဲ့ ၀က်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီကြေငြာချက်အရ တာဝန်အပ်နှင်းထားတဲ့ အဖွဲ့အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူတို့ လုံခြုံရေးကို ထိပါးစေနိုင်မယ့် အပြုအမူမျိုး ဆောင်ရွက်သူ၊ မသင်္ကာသူတွေကို ဖမ်းဆီးချုပ်နှောင်ခွင့်၊ လက်နက်နဲ့တကွ အခြားထောက်ကူပြုပစ္စည်းတွေ သိမ်းဆည်းပိုင်ခွင့်၊ သတင်းမီဒီယာ ပိတ်ပင်ခွင့်၊ လမ်းကြောင်းများ ပိတ်ဆို့ပိုင်ခွင့် ပြုလိုက်ပြီး စစ်တပ်ပိုင်းဆိုင်ရာကိုလည်း အာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်ကူညီဖို့ တောင်းဆိုထားပါတယ်။

အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးကော်မတီထဲမှာ အရင်က ဒုဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လက်ရှိ အလုပ်သမားဝန်ကြီး ချလိုမ် ယူဘန်းရုံး ဦးစီးတဲ့ နိုင်ငံတော်ရဲချုပ်၊ ရှေ့နေချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ရာဇ၀တ်မှု နှိမ်နင်းတားဆီးရေးအဖွဲ့ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ခရိုင်ဝန် စတာတွေနဲ့ ဖွဲ့စည်းလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

အစိုးရက အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့နောက် ဆန္ဒပြသူတွေဘက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရောက်ရှိနေတဲ့ ကိုသက်ခိုင်က ဒီဗွီဘီကို အခုလိုပြောပြပါတယ်။

“မနေ့ညတုန်းက အရေးပေါ်အခြေအနေ ရက် ၆၀ သတ်မှတ်တယ်။ တဖက်က အတိုက်အခံ ကလည်း ညကတည်းက သူတို့ကလည်း ကြေညာတယ်။ ဒီကြေညာချက်နဲ့ သူတို့ လုံးဝ လက်မခံဘူးပေါ့။ မလုပ်ရဘူးဆိုတာတွေ အကုန်လုပ်မယ်ဆိုတာ ပြောပြီး ဒီအမိန့်ကို တိုက်ရိုက်ကွပ်ကဲမယ့် စစ်ဌာနချုပ်ရဲ့ အတွင်းရေးမှူးရုံးရှိတဲ့ နွန်ထပူရီခရိုင်ကို သူတို့ သွားဝိုင်းတာတွေ ရှိတယ်။ ကျန်တဲ့ နေရာတွေမှာ ဆန္ဒပြသူတွေက ဆက်ပြီး တောင့်ခံမယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိနေတယ်။”

အစိုးရနဲ့ ဆန္ဒပြသူတွေကြား ခုလိုအခြေအနေတွေ ရှိနေပေမယ့် ကုန်တိုက်ကြီးတွေ အရောင်းဆိုင်တွေကလည်း ဖွင့်မြဲဖွင့်ဆဲ၊ ဘတ်စ်ကားတွေကိုလည်း သွားလာခွင့် ပြုထားတာကြောင့် အလုပ်သမားတွေပေါ် ထိခိုက်မှုတွေ မရှိနိုင်ကြောင်း သူက ခန့်မှန်းပြောဆိုပါတယ်။

ဒါပေမယ့် အစိုးရဘက်က သံသရှိသူတွေကို အချိန်မရွေး ဖမ်းဆီးခွင့်ပြုထားတဲ့အတွက် အခြေအနေက အချိန်မရွေး ပြောင်းလဲနိုင်ကြောင်း ကိုသက်ခိုင်က ဆက်ပြောပါတယ်။

ဆန္ဒပြမှုကြောင့် မြန်မာအလုပ်သမားတွေ နစ်နာဆုံးရှုံးကြောင်း သတင်းမရရှိပေမယ့်လည်း နှစ်နိုင်ငံသဘောတူစာချွန်လွှာနဲ့ အလုပ်သမားတွေကို တရားဝင် စေလွှတ်နေတဲ့ မြ၀တီ - မဲဆောက်ဘက်မှာတော့ အလုပ်သမားတွေ အ၀င်နည်းသွားသလို နယ်စပ်ဖြတ်သူဦးရေ ပျှမ်းမှတနေ့တထောင်ကနေ တ၀က်ထိ ကျဆင်းသွားတယ်လို့ နေရှင်းထိုင်းသတင်းစာမှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေဟာ နဂို ကြေညာထားတဲ့အတိုင်း အဓိကလမ်းဆုံကြီး ၇ ခုမှာ ရှိမြဲရှိနေသလို စင်မြင့်ဟောပြောမှုတွေလည်း ရှိမြဲရှိနေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်မှာ ဆန္ဒပြသူတွေက စာတိုက် ဆက်သွယ်ရေးဌာနကို ၀ိုင်းထားပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပြားတွေ ပို့ဆောင်ဝေငှခြင်း မလုပ်ဖို့ တောင်းဆိုနေပါတယ်။

အလားတူ ပတ္တနီ၊ ဖန်င၊ ရဲ့လ စတဲ့ ခရိုင်တွေမှာလည်း အစိုးရ၀န်ထမ်းတွေ အလုပ် မဆင်းနိုင်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို ပိတ်ဆို့ထားကြောင်း၊ ထိုင်းနိုင်ငံ အလယ်ပိုင်း ရာ့ခ်ျပူရီခရိုင်၊ ဖိကျစ်ခရိုင်တွေမှာလည်း အစိုးရဆီ သွင်းထားတဲ့ စပါးဖိုးငွေတွေ ခုထိ မရသေးလို့ မကျေမနပ်ဖြစ်နေတဲ့ တောင်သူလယ်သမားတွေပါ ဆန္ဒပြသူတွေနဲ့ သွားရောက် ပူးပေါင်းနေတယ်လို့ ချနယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013