
အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမှာ ဒေသစံတော်ချိန် ဧပြီ ၂၅ ရက်ညက ကျင်းပတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လနီယာထရမ့်ပ်တို့ကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို အမြန်ဆုံး ကယ်ထုတ်သွားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက် နဲ့ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ကက်ရှ်ပတေးလ် အပါအဝင် အခြားအစိုးရအရာရှိကြီးတွေလည်း အခမ်းအနားကနေ ထွက်ခွာခဲ့ရပါတယ်။ လက်ရှိမှာတော့ သမ္မတ ထရမ့်ပ်နဲ့ လုံခြုံရေးရယူထားသူတွေအားလုံး ဘေးကင်းတယ်လို့ လျှို့ဝှက်လုံခြုံရေးအဖွဲ့က ပြောပါတယ်။
အခမ်းအနားမှာ သေနတ်သံ ၇ ချက်ကနေ ၈ ချက်အထိ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရာရှိတယောက်က ဆိုပါတယ်။ သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာတော့ တက်ရောက်လာသူတွေဟာ စားပွဲတွေအောက်မှာ ပုန်းခိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားကို ဖမ်းဆီးထားပြီလို့ ထရမ့်ပ်က သူရဲ့ Truth Social လူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။
“ဒီစီက ညချမ်းလေးပါပဲ၊ လျှို့ဝှက်လုံခြုံရေးအဖွဲ့နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ထရမ့်ပ်က ချီးကျူးခဲ့ပါတယ်။
အခမ်းအနားကို ဆက်လက်ကျင်းပဖို့ အကြံပြုထားပေမဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ထရမ့်ပ်ရဲ့ သမ္မတသက်တမ်းကာလမှာ ဒီပွဲကို ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်ပါတယ်။











