DVB Logo
Home
Lead Story
“စကစ ဝင်ငွေရအောင်လုပ်မယ့် တရားမဝင်ရတနာပြပွဲက လုပ်ငန်းရှင်၊ ကုမ္ပဏီတွေကို အရေးယူသွားမယ်” NUG နည်းပညာအကြံပေး ဦးဟင်နရီ
DVB
·
December 16, 2021
“စကစ ဝင်ငွေရအောင်လုပ်မယ့် တရားမဝင်ရတနာပြပွဲက လုပ်ငန်းရှင်၊ ကုမ္ပဏီတွေကို အရေးယူသွားမယ်” NUG နည်းပညာအကြံပေး ဦးဟင်နရီ
Donate to DVB

စစ်ကောင်စီရဲ့ တိတ်တိတ်ပုန်း ကျောက်မျက်ရတနာအရောင်းပြပွဲကို နေပြည်တော်မှာ ဒီဇင်ဘာလ ၁၇ ရက်ကနေ ၂၂ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ပြည်သူလူထုကို အသိပေးခြင်းမရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲ ၇၈၀တွဲ၊ ပုလဲတွဲ ၃၃၀ တွဲကို တင်ဒါစနစ်နဲ့ ရောင်းချဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။ 

ပြည်သူပိုင် ကျောက်မျက်ရတနာ ရောင်းချပွဲကို ဘယ်သူတွေ တက်ရောက်ဝယ်ယူမှာလဲ၊ ပြည်သူတွေအနေနဲ့ရော ဒီကျောက်မျက်ရတနာ အရောင်းပြပွဲကို တားဆီးနိုင်ဖို့ ဘယ်လိုမျိုး ပါဝင်နိုင်မလဲ၊ NUG အစိုးရ အနေနဲ့ရော စစ်ကောင်စီရဲ့ ကျောက်မျက်ရတနာပွဲမှာ တက်ရောက်ဝယ်ယူတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို ဘယ်လိုအရေးယူဖို့ စီစဉ်ထားသလဲ၊ စတာတွေကို NUG အစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နည်းပညာအကြံပေး ဦးဟင်နရီကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ ကျောက်မျက်ရတနာရောင်းချပွဲ စီစဉ်တဲ့အခြေအနေက နောက်ဆုံး ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာ သိရပြီလားခင်ဗျ။ ဘယ်လုပ်ငန်းရှင်တွေ ဝင်ရောက် တင်ဒါဆွဲမလဲ။ နိုင်ငံခြားသားတွေကရော ဘယ်နိုင်ငံသားတွေပါပါသလဲ။ သူတို့ရော မြန်မာနိုင်ငံကို ရောက်ကြပြီလား။

ဖြေ။ စကစရဲ့ တရားမဝင် ကျောက်မျက်ရတနာရောင်းချပွဲ စီစဉ်တာဟာ ပြည်သူပိုင်ပစ္စည်းတွေကို ရောင်းပြီး သူတို့လူသတ်လက်နက်ဝယ်နိုင်အောင်၊ တနည်းပြောရရင် ပြည်သူတွေရဲ့ စည်းလုံးမှုနဲ့ အခွန် မဆောင်တာ၊ Boycott လုပ်တာ စတဲ့ နည်းမျိုးစုံနဲ့ စကစကို ဆန့်ကျင်နေကြတော့  စကစထံ အခွန်ဝင်ငွေ စီးဝင်မှု နည်းပါးသွားတာကြောင့် အခွန်ငွေရရှိအောင်ရယ်၊ နောက်ပြီး နိုင်ငံတကာ မျက်နှာစာမှာ သူတို့က အဘက်ဘက်က နေရာမရနေတော့ သူတို့ဘက်က လုပ်နိုင်တယ်ဆိုတာကို ပြချင်တာရယ်ကြောင့် ဒီယူရိုငွေနဲ့ ရောင်းချမယ့် နိုင်ငံတကာကျောက်မျက်ရတနာ ရောင်းချပွဲကို ပြုလုပ်တာလို့ ထင်ပါတယ်။ 

စီစဉ်တဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကြားသိရသလောက်ပြောရရင် ကျောက်ခင်းကျင်းမှုတွေ၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်၊ ကုမ္ပဏီ ဖိတ်ကြားတာတွေရယ်ကတော့ အရင်လုပ်နေကျပုံစံအတိုင်း ဖိတ်ကြားမှုထက် စိစစ်ဖိတ်ကြားမှုတွေရှိတယ်လို့ သိရပါတယ်။ ဖိတ်ကြားတာတောင် ပြည်နယ်/တိုင်း  ကျောက်မျက်ရတနာ အသင်းအဖွဲ့များတွေကိုလည်း အကြောင်းကြားတာမရှိဘူးလို့ သိထားပါတယ်။ ပွင့်လင်းမြင်သာမှုမရှိ တိတ်တိတ်ကလေး လက်သိပ်ထိုးလုပ်လေ့ရှိတာ စကစရဲ့ သဘာဝအတိုင်းပဲပေါ့လေ။

တက်ရောက်မှုအနေနဲ့ကတော့ စကစနဲ့ဆက်နွှယ်တဲ့ ထိပ်ပိုင်းအဆက်အသွယ်ရှိတဲ့ ခရိုနီလုပ်ငန်းရှင် တချိုတော့ တက်ရောက်နိုင်ပါတယ်။ ဘယ်သူက ဦးဆောင်ဖိတ်ကြားပေးသလဲကအစ ကျနော်တို့ သတင်း ရထားပြီးသားပါ။ ဒီမှာတော့ ထုတ်ပြောလိုခြင်း မရှိပါဘူး။ ပြည်ပအနေနဲ့ကတော့ ကျောက်စိမ်း ဝယ်လက်က အရင့်အရင်ကတည်းက တရုတ်ဝယ်လက်ပဲများခဲ့တော့ တရုတ်နိုင်ငံသားအများစု တက်ရောက်မယ် ထင်ပါတယ်။

နောက်ပြီး Silent Strike ပြုလုပ်တဲ့နေ့ကပဲ နာမည်ကြီးလက်ဝတ်ရတနာ ကုမ္ပဏီဖြစ်တဲ့ Harry Watson နဲ Vaibhav Global Limited မြန်မာကလာတဲ့ ကျောက်တွေဆို လက်မခံတော့ဘူးလို့ ကြေညာထားတာ တွေ့တယ်။ နောက်ပြီး Myanmar Gems Enterprise ရော Myanmar Pearl Enterprise ရောကို Sanctions လုပ်ခံထားရတာဆိုတော့ တခြားနိုင်ငံခြားသားအဝင်တွေလည်း နည်းမယ်လို့ ထင်ရတယ်။ တခုက လက်သိပ်ထိုးလုပ်နေတာဆိုတော့ Responsible business သမားတွေတော့ လာမယ်မဟုတ်ဘူး။ အချောင် နှိုက်ချင်တဲ့ လုပ်ငန်းရှင်တွေ၊ business သမားတွေပဲ လာမယ် ထင်ပါတယ်။ ဒီတခါ ကျောက်စိမ်းနဲ့ ပုလဲအတွဲတွေ အဓိကဆိုပေမယ့် တခြားကျောက်မျက်တွေ ယိုးဒယားကျောက်ဆိုပြီး ခိုးထုတ်၊ ခိုးရောင်းနေတာတွေကအစ ကျနော်တို့ သိနေပါတယ် …။ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်ပေါ့ …။ 

နိုင်ငံခြားသားတွေ မြန်မာပြည်တွင်းကို ရောက်၊ မရောက်ဆိုတာကတော့ စကစ ကလျှိဝှက်စီစဉ်မှု ဖြစ်တာကြောင့် သတင်း ရရှိမှုကတော့ ခက်ခဲပါလိမ့်မယ်။ အဲ့အပိုင်းကပြောဖိုခက်ခဲပါလိမ့်မယ်။ 

မေး။ ။ ဒီကျောက်မျက်ရတနာရောင်းချပွဲကနေ စစ်ကောင်စီအနေနဲ့ ငွေကြေး ဘယ်လောက်အထိ ရရှိနိုင်ပါသလဲ။

ဖြေ။ ။ အတိအကျ ပြောဖို့ခက်ပေမယ့် ပြပွဲရောင်းချရမှုဝင်ငွေကတော့ အရင်ပြပွဲရောင်းချရမှုတွေနဲ့စာရင် အများကြီးကွာခြားသွားမှာပါ။ လုပ်ငန်းရှင်တွေထဲမှာလည်း စကစကို မကြိုက်တဲ့ လုပ်ငန်းရှင်အများစု ရှိသလို NUG အနေနဲ့လည်း စကစ နဲ့ ပူးပေါင်းပါဝင်ပတ်သက်မှုမလုပ်ဖို့ အမိန့်ကြေညာစာတွေ၊ မေတ္တာရပ်ခံပန်ကြားစာတွေ ထုတ်ထားတဲ့အတွက်ကြောင့် ပြည်တွင်းတက်ရောက်ဝယ်ယူသူနည်းနိုင်သလို ပြည်ပ အနေနဲ့ကလည်း အခုဏက ပြောသလို စကစကို စီးပွားရေးပိတ်ဆို့ထားမှုတွေ၊ ကိုဗစ်ဖြစ်နေတဲ့ အနေအထားတွေ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့်  တက်ရောက်သူနည်းနိုင်ပါတယ်။ တက်ရောက်သူ နည်းနိုင်တဲ့အတွက်ကြောင့် ရောင်းချရမှုလည်း နည်းနိုင်ပါတယ်။ ခန့်မှန်းရခက်တဲ့ အနေအထားပါ။

မေး။ ။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို ဝင်ငွေရစေမယ့် ကျောက်မျက်ရတနာရောင်းချပွဲကို ကန့်ကွက်ကြောင်း ဘယ်လိုပုံစံနဲ့ ပြသလို့ရမလဲ။ မဖြစ်မြောက်အောင် ဘယ်လိုနည်းလမ်းနဲ့ ပါဝင်တားဆီးလို့ရမလဲ။

ဖြေ။ ။ ဒီနိုင်ငံရေးအခြေအနေတွေနဲ့ စကစရဲ့ပြပွဲရောင်းချပြုလုပ်မှုအပေါ် ပြည်သူတွေအနေနဲ့  ကန့်ကွက်ကြောင်းပြသဖိုဆိုရင် စကစ ပြုလုပ်တဲ့ပြပွဲ မတက်ရောက်ခြင်း၊  အားမပေးခြင်းတို့ကိုပဲ ပြုလုပ်ရပါလိမ့်မယ်။ 

ပြည်တွင်းလုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံတွင်း ပြည်သူများပဲဖြစ်တာကြောင့် မတရားအာဏာလု ထားတဲ့ စကစကို ပြည်သူအများနဲ့ တစိတ်တဝမ်းတည်း ဖြစ်ကြောင်း ပြသတဲ့အနေနဲ့ ကျောက်အတွဲများ ပြပွဲတင်ပြရောင်းချခြင်းနဲ့ ပြပွဲတက်ရောက် ဝယ်ယူခြင်းများ မပြုလုပ်ခြင်း တို့ဖြင့်သာ တားဆီးနိုင်ပါလိမ့်မယ်။

နောက်တခုက စိတ်ဓာတ်ပေါ့နော် …။ ကန့်ကွက်ကြောင်း ပြနိုင်ဖို့ ကန့်ကွက်ချင်တဲ့ စိတ်ရှိနေရင် နည်းလမ်းတွေ အများကြီးရှိပါတယ် …။ အခုလည်း ပြည်သူတွေ ဦးဆောင်ပြီး လှုပ်ရှားနေတာတွေ အများကြီးပါ…။ ဥပမာ - Harry Watson၊ Vaibhav Global Limited ကို Petition လက်မှတ်တွေကောက်ပြီး ကန့်ကွက်လွှာပို့တာတွေ။ အခုလည်းပဲ တိတ်တိတ်လေး ခိုးလုပ်တယ်ဆိုပေမဲ့ သူတို့လုပ်ရပ်တွေ သိနေသလို…။ ဘယ်သူတွေ တက်ရောက် မယ်ဆိုတာလည်း သိနေရမှာပါပဲ …။ ဒီတော့ ပြည်သူတွေအနေနဲ့ ဘယ်လိုလုပ်လို့ရမလဲဆိုတာ ကျနော်တို့ထက်ပိုပြီး နားလည်ပါတယ် …။  ပြည်သူတွေ မရှိဘဲနဲ့လည်း လုပ်ငန်းဆိုတာ လည်ပတ်နိုင်တာ မဟုတ်ပါဘူး…။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့် customer တွေကို သတ်နေတဲ့ လူသတ်၊ အကြမ်းဖက် စကစ ကို ကိုယ့်အတ္တလေး တခုတည်းနဲ့ ပူးပေါင်းနေတာမျိုး ဖြစ်သင့်သလား၊ လက်ရှိကိုယ်မသေခင် ပစ္စုပ္ပန်မှာ ဘယ်လို အသက်ဆက်ရှင်သွားကြမလဲ၊ အနာဂတ် ကိုယ့်မျိုးဆက်တွေ ဘယ်လိုချန်ထားခဲ့မလဲ ပြန်လည် သုံးသပ်ကြည့်စေချင်ပါတယ် …။  

မေး။ ။ NUG အနေနဲ့ရော ဘယ်လိုတားဆီးမလဲ။ ပါဝင်ပတ်သက်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ဘယ်လိုထိထိရောက်ရောက်အရေးယူမလဲ။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း တွေနဲ့  ပူးပေါင်းပြီး အရေးယူမလဲ။

ဖြေ။ MONREC NUG အနေနဲ့ အကြမ်းဖက်စကစထံ ပြည်တွင်းပြည်ပမှ ဝင်ငွေနှင့် အထောက် အပံ့တွေမရရှိစေဖို့ အကြမ်းဖက်စကစလက်အောက်ခံ MONREC ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုရန် သတ္တု၊ ကျောက်မျက်၊ ပုလဲ၊ သစ်နှင့် သယံဇာတများ ထုတ်လုပ်/ရောင်းချနေတဲ့ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ မေတ္တာရပ်ခံတိုက်တွန်းပြီး (၁/၂၀၂၁) နဲ့ (၂/၂၀၂၁) ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်များကို လျစ်လျူရှုပြီး လေးစားလိုက်နာမှုမရှိဘဲ အကြမ်းဖက် စကစ ဝင်ငွေရရှိအောင် ပူးပေါင်းဆောင်ရွက်နေတဲ့ ယခု ပြုလုပ်မယ့် တရားမဝင် ရတနာပြပွဲမှာ တင်ပြရောင်းချသူနှင့် ပြပွဲတက်ရောက်ဝယ်ယူတဲ့ လုပ်ငန်းရှင်/ကုမ္ပဏီတွေကို စာရင်းပြုစုပြီးနောက် ပြည်သူ့အစိုးရတက်လာချိန်မှာတော့ ခွင့်ပြုမိန့်/ လိုင်စင်များ လျှောက်ထားရန် အမည်ပျက်စာရင်း (Blacklist)ထည့်သွင်းခြင်းနှင့် လိုအပ်ပါက တရားဥပေဒနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အခု တရားမဝင် ကျောက်စိမ်းရောင်းချပွဲတွင် နိုင်ငံပိုင် (ပြည်သူပိုင်) ကျောက်စိမ်းတွဲများနဲ့ ပုလဲတွဲများကိုလည်း တင်ပြရောင်းချမယ်လို့ ကြားသိရတဲ့အတွက်  ပြည်သူပိုင်ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ကာ အကြမ်းဖက်စကစအတွက် ဝင်ငွေရှာဖွေနေခြင်းကို MONREC NUG အနေဖြင့် လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ကြောင်းနှင့် ပြည်သူပိုင်ကျောက်စိမ်းတွဲများနှင့် ပုလဲတွဲ များ  ရောင်းချမှုတွင်ပါဝင်သူ စကစလက်အောက်ခံဝန်ထမ်းများအား  ပြည်သူပိုင်ပစ္စည်း ဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားလုပ်မှုများဖြင့် မှတ်တမ်းထားရှိပြီး ပြည်သူ့အာဏာ လက်ဝယ် ပြန်လည် ရရှိချိန်တွင် တရားဥပေဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ် ဆိုတာ အသိပေးပြောကြားလိုပါတယ်။ ပြောရမယ်ဆိုရင် ပြည်သူ့အစိုးရဖြစ်တာမို့ ပြည်သူ့ဆန္ဒအတိုင်း လုပ်ရမှာပေါ့လေ။

မေး။ ။ တခြားဖြည့်စွက်ပြီး ပြောပြချင်တာရှိရင် ပြောပေးပါဦးခင်ဗျ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ လုပ်ငန်းရှင်/ကုမ္ပဏီများအနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြဖို့ NUG အစိုးရအနေနဲ့ အနူးအညွတ်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီး တင်ပြရောင်းချသော လုပ်ငန်းရှင်/ကုမ္ပဏီများနှင့် တက်ရောက်ဝယ်ယူသော လုပ်ငန်းရှင်/ကုမ္ပဏီများ  ကို အသေးစိတ်စာရင်း ပြုစုထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားပါမယ်။

လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေနဲ့ ပြည်သူ့အစိုးရ၊ ပြည်သူ့ဆန္ဒများအား အလေးထားပြီး စကစ နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013