
အိန္ဒိယနိုင်ငံရဲ့ အာကာသနယ်ပယ်ကဏ္ဍမှာ တက်သစ်စ ကုမ္ပဏီတခုဖြစ်တဲ့ Skyroot Aerospace ဟာ နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ် ကမ္ဘာပတ်လမ်းကြောင်းသွား ဒုံးပျံမစ်ရှင်အဖြစ် Vikram-1 ကို ဇူလိုင် ၁၈ ရက်မှာ လွှတ်တင်လိုက်ပါတယ်။
ဒါဟာ ကမ္ဘာ့စီးပွားဖြစ် ဒုံးပျံလွှတ်တင်ရေးဈေးကွက်မှာ နေရာပိုရဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယနိုင်ငံအတွက်တော့ အရေးပါတဲ့ စမ်းသပ်မှုတခု ဖြစ်ပါတယ်။
“မစ်ရှင် အာဂါမန်” လို့ အမည်ပေးထားတဲ့ အဲဒီပထမဆုံး ကမ္ဘာပတ်လမ်းကြောင်းခရီးစဉ်မှာ Vikram-1 ဒုံးပျံဟာ ဝယ်သူတွေရဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်လမ်းကြောင်းတွင်း စမ်းသပ်မဲ့ ပစ္စည်းတွေကို သယ်ဆောင်ပြီး စရီဟာရီကိုတာ ကျွန်းရှိဆာတစ်ရှ် ဒါဝန် အာကာသစင်တာကနေ ဂရင်းနစ်စံတော်ချိန် ၀၆:၃၅ နာရီမှာ မီးခိုးလုံးတွေ၊ မီးတောက်တွေနဲ့အတူ ပျံတက်သွားခဲ့တာပါ။
လွှတ်တင်ပြီး ၁၅ မိနစ်ခန့်အကြာမှာပဲ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို ကီလိုမီတာ ၄၅၀ အကွာအဝေးရှိ ပတ်လမ်းကြောင်းထဲကို အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အိန္ဒိယဟာ ပုဂ္ဂလိကလုပ်ငန်းကနေတဆင့် ကမ္ဘာပတ်လမ်းကြောင်းထဲ ဒုံးပျံ လွှတ်တင်နိုင်တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မူလက ဂရင်းနစ်စံတော်ချိန် မနက် ၆ နာရီမှာ လွှတ်တင်ဖို့ စီစဉ်ထားပေမဲ့ ခေတ္တဆိုင်းငံ့ထားခဲ့ရပြီး အချိန်ပြန်ညှိပြီးမှ လွှတ်တင်ခဲ့ရတာပါ။
ဒီခရီးစဉ်ဟာ ပျံသန်းမှုအတွင်း ဒုံးပျံရဲ့ တွန်းကန်အားစနစ်၊ အီလက်ထရွန်နစ်စနစ်၊ အဝေးထိန်း တိုင်းတာမှုစနစ်၊ လမ်းညွှန်မှုနဲ့ ထိန်းချုပ်မှုစနစ်တွေကို စစ်ဆေးဖို့ဖြစ်ပြီး အနာဂတ်စီးပွား ဖြစ်လွှတ်တင်မှုတွေအတွက် အချက်အလက်တွေ စုဆောင်းဖို့ ရည်ရွယ်တာလို့ Skyroot က ပြောပါတယ်။
“မစ်ရှင် အာဂါမန်ခရီးစဉ်ဟာ ကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ။ ဒါဟာ စမ်းသပ်ပျံသန်းမှုဖြစ်ပြီး ပုံမှန်စီးပွားဖြစ် မပျံသန်းခင်မှာ ဒီလိုစမ်းသပ်မှုမျိုး အနည်းငယ် ထပ်လုပ်သွားဦးမှာပါ" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Skyroot ဟာ အာကာသကဏ္ဍကို ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တဲ့ အိန္ဒိယရဲ့ မျိုးဆက်သစ် အာကာသစတားအပ်တွေထဲက တခုဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာပဲ နိုင်ငံတွင်း အာကာသကဏ္ဍမှာ တန်ဖိုးဒေါ်လာ ၁ ဘီလီယံပြည့်တဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယရဲ့ ဒီခရီးစဉ်ဟာ အီလွန်မတ်စ် ရဲ့ SpaceX ကုမ္ပဏီ ဦးဆောင်နေတဲ့ ကမ္ဘာ့ဂြိုဟ်တုငယ် လွှတ်တင်ရေး ဈေးကွက်ထဲကို တက်သစ်စကုမ္ပဏီတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters










