DVB Logo
Home
မြန်မာသတင်း
မြေယာလျော်ကြေးမရရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းမြေနေရာကြောင့် လုပ်ငန်းခွင် ပိတ်ဆို့တားဆီး
DVB
·
January 22, 2014
မြေယာလျော်ကြေးမရရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းမြေနေရာကြောင့် လုပ်ငန်းခွင် ပိတ်ဆို့တားဆီး
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့ ကံပေါက်ကျေးရွာမှာ ဓာတ်ငွေ့ပိုက်လိုင်း မြေယာလျော်ကြေး မရသေးတဲ့အတွက် ဒေသခံတွေက လုပ်ငန်းခွင်ကို ပိတ်ဆို့ တားဆီးထားပါတယ်။

Pipeline 3မုတ္တမပင်လယ်ကွေ့က ထွက်တဲ့ ဓာတ်ငွေ့တွေ ထိုင်းနိုင်ငံကို သွယ်တန်းရောင်းချမယ့် ပီတီတီအီးပီအိုင်စီမံကိန်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ထားဝယ်မြို့ ကန်ပေါက်ကျေးရွာ အတွင်း မီတာ ၁၀၀ မှာ ရှိတဲ့ မြေဧက ၃၀၀ လောက်က မြေယာလျော်ကြေး မရဖြစ်နေတဲ့အတွက် ဒေသခံတွေ လုပ်ငန်းခွင်ကို ပိတ်ဆို့ တားဆီးနေတာ ဖြစ်ပါတယ်။

ထားဝယ်မြို့ ကံပေါက်ကျေးရွာမှာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေနံကုမ္ပဏီ ပီတီတီအီးပီအိုင် က လျော်ကြေး မပေးသေးပဲ လုပ်ငန်းခွင် ဆက်လုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ခေါ်လာပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်တယ်လို့ လျော်ကြေးရဖို့ ကျန်နေတဲ့ ဦးသိန်းထွေးက အခုလို ပြောပါတယ်။

“သေနတ်တွေနဲ့ ချိန်တယ်။ နင်တို့ မပိတ်ရဘူး။ ဒါက လျော်ကြေးပေးထားတဲ့နေရာ ဖြစ်လို့ ပိတ်ဆို့ထားတဲ့ အနေအထားကို ခြိမ်းခြောက်ပြီးတော့ ဆွဲလားရမ်းလား လုပ်တယ်။ ညှိနှိုင်းမှုတော့ ရှိတယ်။ ဒါပေမယ့် ပြေလည်မှုတော့ မရဘူး။ ကုမ္ပဏီဘက်ကနေပြီး ငွေကို တိုက်ရိုက်တောင်းတာ မဟုတ်ပဲ အထောက်အထား တစုံတရာ တောင်းပါတယ်။ ငွေကို ဘယ်နှုန်းထားနဲ့ လျော်မလဲ။ ဘယ်အချိန်ကာလမှာ လျော်မလဲဆိုတဲ့ အထောက်အထား တောင်းတယ်။ အဲဒီ အထောက်အထားကို မပေးဘူး။ ဒေသခံတွေကို နားလှည့်ပါးရိုက်တဲ့ အနေအထားပုံစံမျိုးပဲ ဆက်လုပ်နေတယ်။”

မုတ္တမပင်လယ်ကွေ့ကနေ ပြင်သစ် တိုတယ်လ် ရေနံကုမ္ပဏီနဲ့ မလေးရှားနိုင်ငံပိုင် ပီထရိုနတ်ကုမ္ပဏီတို့က သဘာဝဓာတ်ငွေ့ တူးဖော်သွယ်တန်းနေပြီး အခု ထိုင်းနိုင်ငံပိုင် ပီတီတီအီးပီအိုင်ကုမ္ပဏီတို့က ထိုင်းနိုင်ငံကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ ကုမ္ပဏီကြား မြေယာလျော်ကြေးကိစ္စ ညှိလို့မရတာ ၁ နှစ်လောက်ရှိနေပြီး လျော်ကြေးငွေကို နှစ်ဘက်ညှိနှိုင်းမှ အဆင်ပြေမယ်လို့ ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အခုလို ပြောပါတယ်။

“ခရိုင်အုပ်ချုပ်ရေးမှူးလည်း စိတ်ညစ်နေတယ်။ ဘယ်လိုမှ ညှိမရလို့တဲ့။ အဲဒါတော့ တခုတော့ လွဲနေတယ်။ ဘယ်လို လွဲနေလည်းဆိုတော့ ဒီလျော်ကြေးကိစ္စမှာ အပေါ်ကနေ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်လိုက်ရင် ခြံရှင်တွေဘက်က ယူနိုင်၊ မယူနိုင် မေးရမှာ ဖြစ်ပါတယ်။ ဒီလို မေးမှသာ ခြံရှင်တွေဘက် ယူမယ်ဆိုလည်း ယူမယ်ပေါ့။ အဲဒီလိုမျိုး ဖြစ်သွားရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

မြေယာလျော်ကြေးအတွက် ဒေသခံ အယောက် ၁၅၀ လောက် ဆန္ဒပြ တောင်းဆိုမယ်လို့ ဒေသခံ ဒေါ်ချိုချိုဝင်က ဒီဗွီဘီကို ပြောပါတယ်။

“ခေတ္တ ရပ်ဆိုင်းထားတာပေါ့နော်။ ပိုက်ဆံက သူတို့ လျော်မယ်ပြောပြီးတော့ မလျော်သေး တာ တကြောင်းရယ်။ ဒါကြောင့် ဒီလုပ်ငန်း ခဏလေး ရပ်ဆိုင်းခိုင်းထားတာပဲ။ အပြီးအပိုင် တားတာ မဟုတ်ပါဘူး။ ကျမတို့ဘက်က လူစုပြီးတော့ ဆန္ဒကို တင်ပြမယ်။”

ထိုင်းနိုင်ငံပိုင် ပီတီတီအီးပီအိုင်ကုမ္ပဏီဟာ မုတ္တမပင်လယ်ကွေ့ထဲက သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ကွက် ၅ ကွက်ကို လုပ်ပိုင်ခွင့်ရထားတယ်လို့ ကုမ္ပဏီရဲ့ အင်တာနက်ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013