DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြ၊ ထိုင်းလုံခြုံရေးက သေနတ်ပစ်ဖောက်
DVB
·
December 14, 2021
မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြ၊ ထိုင်းလုံခြုံရေးက သေနတ်ပစ်ဖောက်
1 / 4
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက စခန်းအပြင်ပေးမထွက်တာ အပါအဝင်  တင်းကျပ်ပိတ်ပင်တားဆီးမှုတွေကြောင့် ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ ညနေ ၆ နာရီလောက်ကစပြီး စခန်းသူ စခန်းသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒုက္ခသည်တွေကို စခန်းအပြင်ပေးမထွက်တာ၊ လုံခြုံရေးအကြောင်းပြုပြီး ငွေတောင်းခံတာနဲ့ ဒီနေ့ စခန်းအပြင်ဘက်မှ စခန်းအတွင်းကို ယူလာတဲ့ ရေခဲသေတ္တာ မှန်ကို ရိုက်ခွဲခဲ့တာကြောင့် စခန်းအတွင်းပိုင်း ဇုန် C ရပ်ကွက်ကနေ  စတင်ဆန္ဒထုတ်ဖော်ကြတာပါ။  

ည ၉ နာရီလောက်အထိ မယ်လစခန်း ဇုန်C၊ ဇုန်Bနဲ့ ဇုန်A အထိ လူထုအုံကြွဆန္ဒပြမှု ဖြစ်ရာ စခန်းလုံခြုံရေးတပ်ဖွဲ့က သေနတ်ပစ်ဖောက်တဲ့အထိ အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။

စခန်းတွင်းပဋိပက္ခမှာ လူငယ်တချို့ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စခန်းဥက္ကဋ္ဌကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာ ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

မယ်လစခန်းမှာ နေထိုင်သူတယောက်က “လူတွေက ဘာကိုမကျေနပ်တုန်းဆိုတော့ လူတွေကအဓိက ပေါက်ကွဲတာကတော့ ဒီနေရာမှာ ပိတ်ထားတာက ကိုဗစ်ဖြစ်ကတည်းက၊ မဲဆောက်ခရီးသွားလက်မှတ်လုပ်လို့မရတာတို့၊ အပြင် ထွက်ပြီးတော့ အလုပ်လုပ်လို့မရတာတို့၊ ဒီထဲကို ပြန်ဝင်လာမယ်ဆိုရင် ဝင်လို့မရဘူး။ ဝင်လို့ရတဲ့လူတွေဆိုရင်လည်း ပလာ(ထိုင်းအာဏာပိုင်)နဲ့ ပေါင်းတဲ့လူတွေကပဲ ဒီထဲကို ဝင်လို့ရတယ်။ အဲဒါ ပိုက်ဆံအများကြီး ပေးရတယ်။ တယောက်ကို အနည်းဆုံး ဘတ် ၄၀၀၀ ရဲ့အထက်ပေးရတယ်။ တချို့ ၆၀၀၀ ပေးရတယ်။ အဲတော့ ဘယ်သူမှ ဝင်လို့မရဘူး။ ဒါပေမဲ့ ပလာနဲ့ စခန်းတွင်းက မိချို (ဆိုင်ရှင်တဦး)နဲ့ ပေါင်းပြီး သူတို့နဲ့ပေါင်းမယ်ဆိုရင်တော့ ဝင်လို့ရတယ်။ ထွက်လို့ရတယ်။ နောက်ပြီး အခုဒီထက်မှာရှိတဲ့ ကုန်စုံဆိုင်တွေအကုန်လုံးက မဲဆောက်အထိ ပစ္စည်းသွားဝယ်လို့ မရဘူး။ မယ်လမအထိပဲ ဝင်ရတယ်။ မိချိုက ထိုင်းဆီက ဆိုင်ဝယ်ပြီး စခန်းတခုလုံးကို ပစ္စည်းဖြန့်ချင်တဲ့အခါကျတော့ ပလာနဲ့ ပေါင်းလုပ်စားတယ်။ စခန်းတခုလုံးမှာ ရှိတဲ့ စားစရာတွေအကုန်လုံးက သူက မဲဆောက်မှာ သွားဝယ်ပြီးတော့ သူက ဒီကို ပြန်ဖြန့်တယ်။ အဲလိုမျိုး။ သူတ‌ယာက်ပဲ ဖြန့်ခွင့်ရှိတယ်။ တခြားလူ ဘယ်သူမှ လုပ်လို့မရဘူး။ အကုန်လုံး သူ့ဆီက ဝယ်စားရတာပေါ့နော်။ အဲမှာ သူက ပလာနဲ့ပေါင်းလုပ်စားတယ်ဆိုပြီးတော့ လူတွေက အဲဒါကို ယူဆပြီးတော့ မကျေနပ်ဘူး။”လို့ ပြောပါတယ်။ 

ဒီလိုမကျေနပ်မှုတွေဖြစ်ပွားတဲ့အတွက် ထောင်နဲ့ချီတဲ့လူတွေက မိချိုဆိုင်အပါအဝင် စခန်းတွင်း ထိုင်းအာဏာပိုင်ရုံးတွေ၊ မနက်ဈေးရုံတွေအပြင် ထိုင်းအာဏာပိုင်တွေ ပိုင်တဲ့ ဆိုင်ကယ်နဲ့ ကားတွေပါ အကုန် ဖျက်ဆီးပစ်ကြတယ်လို့ စခန်းတွင်းက လူငယ်တွေက ပြောပါတယ်။ ဒါ့အပြင် စခန်းပတ်လည်မှာချထားတဲ့ စခန်းလုံခြုံရေးခန်းတဲကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ 

မယ်လဒုက္ခသည်စခန်းဟာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက Lockdown ချခံထားရတာ  အခုဆိုရင် ၂ နှစ်လောက်ရှိလာပြီ  ဖြစ်ပါတယ်။  ဒီလို Lockdown ချတဲ့ကာလအတွင်း အရေးပေါ်သွားလာရေးကိစ္စရှိပါက ပလာ(ထိုင်းအာဏာပိုင်) ကို ငွေကြေးအများကြီးပေးပြီး သွားလာနေကြရတယ်လို့ ဆိုပါတယ်။ 

မယ်လစခန်းဟာ ၁၉၈၄ ခုနှစ်ကတည်းက စတင်တည်ရှိလာတဲ့စခန်း ဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်မြန်မာဒုက္ခသည် ၄၀၀၀၀ လောက်မှီခိုနေကြပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ  ဒုက္ခသည်စခန်း ၁၁ ခုထဲမှာ အကြီးဆုံးစခန်းလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013