DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်ကုန်သွယ်ရာတွင် မြန်မာကုန်သည်များ စရိတ် ၂ ဆ ကုန်ကျနေ
DVB
·
December 14, 2021
တရုတ်နယ်စပ်ကုန်သွယ်ရာတွင် မြန်မာကုန်သည်များ စရိတ် ၂ ဆ ကုန်ကျနေ
Donate to DVB

မူဆယ်နယ်စပ်စခန်းကနေ တရုတ်ပြည်နယ်စပ်အထိ ကုန်စည်သယ်ယူပို့ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံဘက်က ကားတွေနဲ့သာ သယ်ဆောင်ရမယ်လို့ ကန့်သတ်ထားတဲ့အတွက် မြန်မာကုန်သည်တွေ အရင်ကထက် စရိတ် နှစ်ဆ ကုန်ကျနေရတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းစတင်ခဲ့ပြီးနောက် တရုတ်က နယ်စပ်အဝင်အထွက်ဂိတ်တွေကို ဇူလိုင် ၈ ရက်က စပိတ်လိုက်တာကြောင့် မြန်မာဘက် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ မြန်မာပို့ကုန်တွေက လပေါင်းများစွာ ပိတ်မိနေခဲ့တာပါ။

အဲ့လို ပိတ်လိုက်ပြီးတဲ့နောက် နှစ်နိုင်ငံညှိနှိုင်းချက်အရ နိုဝင်ဘာ ၂၆ ရက်မှာ စမ်းသပ်ကာလအဖြစ် ၅ ရက်ကို ကွန်တိန်နာနဲ့သာ သွားရမယ်ဆိုပြီး  သဘောတူညီမှုရရှိခဲ့ပါတယ်။  ဒါကြောင့်ပဲ မြန်မာကုန်သည်တွေဟာ တရုတ်နိုင်ငံရဲ့ ကန့်သတ်ချက်တွေကို တဖက်သတ်လိုက်နာနေရတဲ့ အခြေအနေဖြစ်နေတာပါ။

မူဆယ်ကုန်စည်ဒိုင် တာဝန်ရှိသူတဦးက “နိုဝင်ဘာ ၂၆ ရက်မှာ ကွန်တိန်နာ ၃လုံး သွားခဲ့တယ်နော်။ အဲ့တော့ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကွန်တိန်နာဘောက်နဲ့သွားတာ ၅ ရက်အတွင်းမှာ ၁၅ လုံးပဲ သွားနိုင်တော့ သိပ်အဆင်မပြေဘူးပေါ့။ အဆင်မပြေတော့ နောက်ပိုင်းဘာလုပ်ရလဲဆိုရင် ကျနော်တို့ (အမိုးဖွင့်) ကားပက်လက်တွေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီးတော့ တရုတ်ပြည်ဆီ သွားတယ်။ တရုတ်ပြည်ကနေ ဒီကိုလည်း ပြန်လာ တယ်နော်။ အဲ့လိုသွားတဲ့နေရာမှာ ဗမာပြည်က ကားနဲ့သွားလို့မရဘူး။ တရုတ်နံပါတ်တပ်ထားတဲ့ တရုတ်ကားတွေပဲ ဝင်လို့၊ ထွက်လို့ ရတယ်ဗျ” လို့ ဆိုပါတယ်။

အခုလိုကန့်သတ်ချက်တွေကြောင့် မြန်မာကုန်သည်တွေအဖို့ စရိတ်ကြီးမြင့်မှုနဲ့ ကြုံတွေ့နေကြရပါတယ်။ 

“အရင်ထက်စာရင် အခုက ပိုးသတ်ဆေးဖြန်းခ၊ ကားငှားခ၊ ယာဉ်မောင်းခ စတဲ့စရိတ်တွေပေးရလို့ ပုံမှန်အခြေအနေထက် စာရင် စရိတ်စက က  ပိုများလာတာပေါ့။ ကျနော်တို့ကလည်း ဒီဂိတ်ဖွင့်ရေးကိုပဲ ဦးစားပေးလုပ်ရတာဖြစ်လို့ တဘက်ကလည်း ဒီကုန်ကျစရိတ် မြင့်လာတဲ့အပေါ်  သွားကြည့်လို့ မရဘူးဖြစ်နေတယ်ခင်ဗျ။ ဘာလို့လဲဆို ကိုယ့်ကုန်ပစ္စည်း တရုတ်ပြည်ထဲ ဝင်ရောက်ဖို့ကိုပဲ လုပ်နေရလို့လေ။ အရင်ပုံမှန်အခြေအနေမှာ အိတ်ရေ တထောင်တင်ထားတဲ့ ကားတစီးကို မြန်မာငွေ ၇ သိန်းလောက်ကုန်တယ်။ ဒါက တရုတ် နယ်စပ်ထဲကိုအရောက်ပေါ့နော်။ အခုဆိုရင် မူဆယ် ၁၀၅ မိုင်ကနေ တရုတ် နယ်စပ်ကားကွင်းထဲကိုအရောက် ၁၄ သိန်းနီးပါး ကုန်ကျတယ်” လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။

မူဆယ်အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့က အခုဟာ မူဆယ်မှာ ပိတ်မိနေတာက ဆန်ဆိုရင် အိတ်ရေ လေးသိန်းကျော်လောက်ရှိတာနော်။ ဒါ့အပြင် ပဲမျိုးစုံ၊ ရော်ဘာ၊နှမ်းနဲ့မြေပဲတွေ ရှိတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ က အရင်ရှင်းနေရတယ်။ မန္တလေးက လာတဲ့ဟာတွေကို မန္တလေးက အထွက် ၁၆ မိုင်ဂိတ်ကနေ တားထားရတယ်။ ဘာကြောင့်လဲဆို မူဆယ်မှာ ရှင်းရမယ့်ဟာတွေက အချိန် နှစ်လလောက်ယူရဦးမယ်။ မူဆယ်မှာ ပိတ်မိနေတဲ့ ကုန်တွေ ကလည်း ငါးလ၊ ခြောက်လ လောက်ကြာနေပြီ။ ဒီနှစ်ကတော့ ကုန်သည်တွေ အထိနာတဲ့နှစ်လို့ ပြောရမယ်။ ပြီးတော့ ကျနော် တို့ကလည်း တရုတ်ကို မှီခိုပြီးတော့ လုပ်နေရတဲ့ကုန်သည်တွေဆိုတော့ အခုလို တရုတ်ဘက်က ဂိတ်ကို ပိတ်ထား ခဲ့တဲ့အတွက် မြန်မာကုန်သည်တွေအဖို့ တော်တော်လေးနစ်နာတာပေါ့” လို့ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ဝမ်တိန်မြို့ကနေ မြန်မာဘက် ကျင်စန်းကျော့ အထိ ကုန်သွယ်ရာမှာလည်း နယ်စပ်ကူးခအဖြစ် တရုတ်ကား ခေါက်တိုငှားခ တခေါက်ကို မြန်မာငွေ ကျပ် သိန်း ၁၀၀ ကျော် ကုန်ကျတာကြောင့် ကုမ္ပဏီကြီး မဟုတ်တဲ့ သာမန် မြန်မာလုပ်ငန်းရှင်တွေ အခက်ခဲဖြစ်နေတယ်လို့  နယ်စပ်က မြန်မာကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ပေါက်ဈေးအရ တရုတ်ခေါက်တို ကားခ ယွမ် ၄ သောင်း ဖြစ်သွားတဲ့အတွက် ကာလပေါက်ဈေး မြန်မာငွေ ကျပ် သိန်း ၁၀၀ ကျော်ကုန်ကျနေတယ်လို့ကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလို ခေါက်တိုသယ်ဆောင်ခ အဆမတန် မြင့်မားနေတဲ့အတွက် ကုန်သည်တွေနဲ့စားသုံးသူ ပြည်သူတွေပဲ နစ်နာရတယ်လို့ ဆိုပါတယ်။   ဒါ့အပြင် ကင်စန်းကျော့ (လွယ်အင်) ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အထိ ကုန်ကျစရိတ်ကလည်း ကျပ် ၁၄ သိန်း ဝန်းကျင်ခန့် ကုန်ကျစရိတ် ရှိသေးတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၇ ရက် သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနတွေနဲ့ လုပ်ငန်းရှင်တွေက ခေါက်တိုခကို  ယွမ် ၃၅,၀၀၀ နဲ့ ဈေးနှုန်း ဆွေးနွေး ညှိနှိုင်းခဲ့တာ ရှိပေမဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာတော့ နဂို ဈေး အတိုင်း ပြန်ဖြစ်သွားပါတယ်။

မူဆယ်ကုန်စည်ဒိုင် စာရင်းဇယားတွေအရ ဒီဇင်ဘာ ၁ ရက်မှ ၁၃ ရက်အထိ မြန်မာဘက်အခြမ်းက တနေ့ကို ကုန်အလေးချိန် တန် ၅၀ တင်ဆောင်နိုင်တဲ့ ကားအစီးရေ ၃၀ လောက်နဲ့ ဆန်၊ ဆန်ကွဲ၊ပဲ မျိုးစုံ၊ ရာဘာ ၊ ဇီးသီးခြောက်နဲ့ တခြားစားသောက်ကုန်တွေကို နေ့စဉ်ပုံမှန်တင်ပို့ခဲ့ပါတယ်။

အလားတူ တရုတ်ပြည်ဘက်ကလည်း တနေ့ကို ကားအစီးရေ ၂၅ စီးလောက်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို နေ့စဉ်ပုံမှန်တင်သွင်းခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013