DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးခိုလှုံလာသည့် မြန်မာနိုင်ငံသားများကို အကူအညီပေးမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော
DVB
·
December 14, 2021
ထွက်ပြေးခိုလှုံလာသည့် မြန်မာနိုင်ငံသားများကို အကူအညီပေးမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအရှေ့မြောက်ပိုင်းမှာ လာရောက် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်ပေးအပ်ဖို့ ကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်ထန်ဂါက ပြောပါတယ်။

သူ့အစိုးရအနေနဲ့ မြန်မာပြည်ကထွက်ပြေးခိုလှုံလာသူတွေကို ကူညီဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း မစ္စတာ ဇိုရမ်ထန်ဂါက မြန်မာနိုင်ငံသားခေါင်းဆောင်တွေနဲ့ ဒီဇင်ဘာ ၁၃ ရက်က အပြန်အလှန် ပြောဆိုဆက်ဆံမှုအတွင်းမှာ အာမခံပြောကြားခဲ့ပါတယ်။

ဒီမြန်မာနိုင်ငံသားတွေကို ကူညီဖို့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့တွေကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ဗဟိုအစိုးရကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့လည်း မစ္စတာ ဇိုရမ်တန်ဂါက ပြောပါတယ်။

ဗဟိုအစိုးရက သူ့ဘက်က အရမ်းဆန္ဒရှိပေမယ့် အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ၁၉၆၇ ခုနှစ် Protocol ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တိုက်ရိုက် ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာ ဇိုရမ်တန်ဂါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာ ဇိုရမ်ထန်ဂါဟာ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး အမစ်ရှားတို့နဲ့ ဒေလီမှာတွေ့ဆုံချိန်အတွင်းမှာ အိမ်နီးချင်းနိုင်ငံမှ မြန်မာပြည်သူတွေကို အကူအညီတွေပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက် ကူညီပံ့ပိုးပေးနိုင်ဖို့ သေချာအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗဟိုအစိုးရကလည်း မီဇိုရမ်အစိုးရကို အာမခံခဲ့ကြောင်း ဝန်ကြီးချုပ် ဇိုရမ်ထန်ဂါ က အစောပိုင်းက ပြောခဲ့ပါတယ်။

လက်ရှိမှာ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ ခိုလှုံနေကြပါတယ်။ အများအပြားဟာ ကယ်ဆယ်ရေးစခန်းများ သို့မဟုတ် ရွာသားတွေ တည်ဆောက်ထားတဲ့ ယာယီတဲတွေမှာ နေထိုင်ကြပြီး တချို့တွေကို ဆွေမျိုးတွေက နေရေးထိုင်ရေး စီစဉ်ပေးပြီး တချို့တွေကတော့ ငှားရမ်းထားတဲ့ အိမ်တွေမှာနေထိုင်ကြပါတယ်။

ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားအများစုဟာ မီဇိုပြည်နယ်နဲ့ကပ်နေတဲ့ ချင်းပြည်နယ်က ဖြစ်ကြပြီး အစိုးရအပြင် NGO တွေ၊ ရွာသူရွာသားတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းကလည်း မြန်မာနိုင်ငံသားတွေကို စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ထောက်ပံ့ပေးပါတယ်။

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၅၁၀ ရှည်လျားတဲ့ နယ်စပ် နယ်နိမိတ်ကို မျှဝေထားတဲ့ မီဇိုရမ်ပြည်နယ်ဟာ ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းကတည်းက အိမ်နီးချင်းနိုင်ငံရဲ့ စစ်အာဏာရှင်တွေ ဆီကနေ ထွက်ပြေးလာခဲ့တဲ့ ထောင်နဲ့ချီတဲ့ ချင်းလူမျိုးများ နေထိုင်ရာ ပြည်နယ်ဖြစ်နေပါပြီ။

REF- NDTV/News18

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013