DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်စခန်းများတွင် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၂၀၀ နီးပါးရှိလာ
DVB
·
December 14, 2021
ကရင်နီ စစ်ရှောင်စခန်းများတွင် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၂၀၀ နီးပါးရှိလာ
Donate to DVB

ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်အပါအဝင်၊ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ရှောင်စခန်းတွေမှာ ကိုဗစ် လက္ခဏာနဲ့  သေဆုံးသူ ၂၀၀ လောက်ရှိတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီကနေ သိရပါတယ်။

ဖယ်ခုံမိုးဗြဲအပါအဝင်  ကရင်နီဒေသက ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတွေမှာ ဩဂုတ်လလောက်ကစပြီး ကိုဗစ်- ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ရာမှာ စက်တင်ဘာလမှာ အဆိုးဆုံး အခြေအနေကြုံတွေ့ခဲ့ရတယ်လို့  ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့  ခွန်းမြင့်နိုင်က ပြောပါတယ်။

“ကျနော်တို့က စဖြစ်တဲ့အချိန်ကနေ သတိပြုမိတဲ့အချိန်ပေါ့ ဒီဩဂုတ်လကနေစပြီးတော့ ပြန်ကြည့်မယ့်အချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာမှာ နည်းနည်းပိုပြင်းထန်တယ်ဗျာ။ ဒီနိုဝင်ဘာလလယ်အထိ ပြင်းပြင်းထန်ထန်တွေရှိတယ်။ ကိုဗစ်ကြောင့် ဆုံးပါးသွားတယ်ဆိုတာကို ကျနော်တို့က အတိအကျတော့ မပြောနိုင်ပေမယ့် ကိုဗစ်လက္ခာဏာကြောင့် ဆုံးပါးသွားတဲ့ဟာတွေကတော့ ကျနော်တို့ ဒီးမော့ဆိုရော၊ ဖယ်ခုံရော မိုးဗြဲရော၊ တချို့ရွာတွေမှာပါဆိုရင် အယောက် ၂၀၀ နီပါးလောက်ရှိတယ်ဗျာ။ ဥပမာ ကျနော်တို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက ခူးပရာဆိုတဲ့ကျေးရွာမှာ သူ့ရဲ့ သင်းအုပ်ဆရာတော် မိသားစု တစုလုံးကိုဗစ်ကြောင့် ဆုံးပါးသွားတယ်။ လင်မယားရော၊ သူ့သားရော၊ သူ့သမီးတွေပါ အကုန်လုံးဆုံးပါးသွားတယ်။”

သေဆုံးသူအမျာစုက ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာဖြစ်ပြီး ဆေးဝါးကျန်းမာရေးလိုအပ်ချက်အရ သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးနိုင်ခြင်းမရှိကြောင်းလည်း ပြောပါတယ်။

အခု ဒီဇင်ဘာလမှာတော့ ကူးစက်မှုတွေ လျော့ကျသွားပြီး လူတွေလည်း နလန်ပြန်ထတဲ့အခြေ အနေမျိုးရှိနေတယ်လို့လည်း ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့  ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေက ဒေသခံ သိန်းချီပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကိုဗစ်-၁၉ ကပ်ရောဂါအပြင် တုပ်ကွေးရောဂါတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

သိန်းနဲ့ချီတဲ့ ဒီစစ်ရှောင်တွေဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ လက်လှမ်းမမှီနိုင်ကြသလိုဘဲ တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ခွန်းမြင့်နိုင်က ပြောပါတယ်။

“ကျန်းမာရေးရဲ့ လိုအပ်မှုကတော့ အခုနက ပြောလို့ ကာကွယ်ဆေးနဲ့လုံးဝ လက်လှမ်းမီနိုင်မှုမရှိဘူး။ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ကတော့ စကစရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရတယ်။ ဒုတိယတပိုင်းကတော့ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်များကာကွယ်စောင့်ရှောက်နိုင်မှုကိစ္စကလည်း ယန္တရားက တော်တော်လေးကို စိုးရိမ်စရာဖြစ်တယ်။ လက်လှမ်းမမီ နိုင်ကြတော့ဘူး။ နောက်တခုက အခုန တုပ်ကွေးရာသီ၊ ကိုဗစ်ကိစ္စတွေကလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိနေသေးတယ်။ နောက်တခုက ထိခိုက်ဒဏ်ရာရတဲ့သူ၊ မကျန်းမမာတဲ့သူ၊ ခွဲစိတ်ကုသမှု လိုအပ်နေတဲ့သူတွေအတွက်ကတော့ ဒါကို လက်လှမ်းမီနိုင်ဖို့က တော်တော်လေးကို အခွင့်အရေးဆုံးရှုံးတယ်။ သာမန်နေမကောင်း မကျန်းမာဖြစ်တောင် ဆေးဝါးဝယ်ယူဖို့ခက်တယ်။”

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး နယ်စပ်ဖြတ်ကျော်နဲ့ ကိုဗစ် -၁၉ ကာကွယ်ဆေးရယူနိုင်ရေး ကြိုးပမ်းနေပေမဲ့ နယ်စပ်ဖြတ်သန်းသွားလာမှုအခက်အခဲကြောင့် ကာကွယ်ဆေးမရနိုင်သေးတဲ့အနေအထား ရင်ဆိုင်ကြရပါတယ်။

တခြား Third party အဖွဲ့နဲ့ချိတ်ဆက်မှုကလည်း စစ်ကောင်စီအောက်ကနေသွားရတဲ့အတွက် အဆင်မပြေမှုတွေ ရင်ဆိုင်နေကြရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် တခြားဆေးဝါးမလုံလောက်ဖို့ မိခင်ကလေး ဆုံးရှုံးရတွေ၊ အာဟာရ လုံလောက်စွာမရလို့ သေဆုံးရတာတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။

ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ ဖော်ပြချက်အရ ဇွန် ၂၉ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၈၅၆ ဦးရှိပြီး အဲဒီထဲက ၂၄၂ ဦး သေဆုံးသွားတယ်လို့ဖော်ပြထားပါတယ်။

ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ဖော်ပြချက်မှာတော့ စစ်ရှောင်စခန်းတွေ ပါဝင်ကောက်ခံနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013