DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ဖွား တာလီဘန်အကြမ်းဖက်အဖွဲ့ဝင် ၃ ဦး ဖမ်းမိ
DVB
·
January 22, 2014
မြန်မာပြည်ဖွား တာလီဘန်အကြမ်းဖက်အဖွဲ့ဝင် ၃ ဦး ဖမ်းမိ
Donate to DVB

မြန်မာပြည်နဲ့ ဆက်နွယ်နေတဲ့ ပါကစ္စတန် တာလီဘန် (တီတီပီ) အကြမ်းဖက်အဖွဲ့ဝင် ၃ ဦး ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ ဖမ်းဆီးရမိထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တီရစ်ကီ တာလီဘန် ပါကစ္စတန် အကြမ်းဖက် အဖွဲ့ (တီတီပီ)က လေ့ကျင့် သင်တန်းပေးထားတဲ့ အသက် ၂၆ နှစ်အရွယ် မာမွက် (Mehmud)၊ အသက် ၂၃ နှစ်အရွယ် အူစမန်(Usman)နဲ့ အသက် ၅၀ အရွယ် ဖာခရွှတ် ဟာဆန် (Fakhrul Hasan)တို့ ၃ ဦးကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်က ဗုံးပြုလုပ်နည်း အထောက်အထားတွေနဲ့ အတူ ဖမ်းဆီးမိတာလို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

3 20140120-mahmudOpu-dt0317ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါ အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးဟာ မြန်မာနိုင်ငံမှာ မွေးတဲ့ ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေ လုပ်ဖို့ ရောက်လာတာ ဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ သူတို့အဖွဲ့အစည်းက သူတို့ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဒါကာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုနီရွှတ် အစ္စလာမ် (Monirul Islam)ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သည်ဟိန္ဒူသတင်းစာမှာ ရေးပါတယ်။

ဒါကာထရီဗျူးသတင်းစာမှာတော့ အဆိုပါ အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ မိသားစုနဲ့အတူ ပါကစ္စတန်မှာ သွားရောက် အခြေချနေထိုင်သူတွေ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာပြည်ကို မကြာခဏ သွားရောက် လည်ပတ် လေ့ရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ ၃ ဦးဟာ လက်ပစ်ဗုံးနဲ့ ကားဗုံးတွေအပါအ၀င် ဗုံးအမျိုးအစား ၁၂ မျိုး ပြုလုပ်ရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ပြီး အာဖဂန်နဲ့ အီရတ်က အကြမ်းဖက်သမားတွေ သုံးတဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သူတွေ ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ မသိရသေးဘူးလို့ ဒါကာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကတော့ သူတို့နဲ့အတူ အရေးကြီးတဲ့ အထောက်အထားတွေ ပါတဲ့ လပ်တော့ပ် ကွန်ပြူတာ ၁ လုံးကိုလည်း သိမ်းဆည်းရမိထားပါတယ်။

သူတို့ထဲက ၂ ဦးက ပတ်စ်ပို့ ကိုင်ဆောင်ထားခြင်း မရှိဘဲ ၁ ဦးကတော့ ဗီဇာသက်တမ်း ကုန်နေတဲ့ ပါကစ္စတန်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့အကြောင်းနဲ့ သူတို့ ၃ ဦးဟာ မြန်မာ နယ်စပ်က ကော့ဘဇားမြို့ကို သွားဖို့ အစီအစဉ် ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေ မရသေးတဲ့ အတွက် မှတ်ချက် မပေးနိုင်သေးတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့လုံခြုံရေးကို အစိုးရက အကာကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“အဲဒါက ကျနော်တိကျတဲ့ သတင်းအချက်အလက်တွေ ဘာမှ မရသေးဘူးဗျ။ အင်တာနက် ပေါ်မှာ ပါတယ်ပဲ သိရတဲ့အတွက် လောလောဆယ်တော့ ဘာမှ မှတ်ချက် မပေးလိုသေးဘူး။ ဒါတွေက သက်ဆိုရင် ဟိုဘက်ဒီဘက် လုံခြုံရေး အဖွဲ့အစည်းတွေ ကြားမှာ အပြန်အလှန် သတင်းဖလှယ်တာ အတည်ပြုတာ ရှိဦးမှာမို့ လောလောဆယ် ဘာမှ မှတ်ချက် မပေးလိုသေးဘူး။ နိုင်ငံတော်အနေနဲ့ အဲဒီသေမှာရှိတဲ့ နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ် နိုင်ဖို့အတွက် အမြဲတမ်း အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရမှပါ။ ဒါတော့ နိုင်ငံတော် အစိုးရရဲ့ တာဝန်။ ဒါပေမယ့် အဲဒါကို အကောင်အထည်ဖော်တဲ့အခါမှာ အသေးစိတ်လုပ်ဆောင်ချက် တွေက လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်လို့ လောလောဆယ် မပြောနိုင်သေးတာပါ။”

ဖမ်းဆီးရမိသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေနဲ့ နိုင်ငံ ရပ်ခြား ဥပဒေတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013