ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ဇွန် ၁၆ ရက်က ဟေတီနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ဇွန် ၁၇ ရက်မှာ ဒိုမီနီကန်သမ္မတနိုင်ငံ သမ္မတ လူးဝစ်အဘီနာဒါနဲ့ တွေ့ဆုံခဲ့ကာ အိမ်နီးချင်းဟေတီမှာ လုံခြုံရေး ပြန်ကောင်းလာအောင်နဲ့ ဂိုဏ်းစတား အကြမ်းဖက်မှုတွေကို နှိမ်နင်းနိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒိုမီနီကန်နိုင်ငံအနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ပေးနေတဲ့အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို ဂိုဏ်းစတားတွေကို နှိမ်နင်းပြီး အနည်းဆုံး လုံခြုံရေးအဆင့်အတန်းတခု ပြန်ရလာမှသာ ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ရှိလာမှာဖြစ်ပြီး ဟေတီနိုင်ငံအနေနဲ့လည်း နိုင်ငံတကာအသိုက်အဝန်းထဲ ပြန်လည်ဝင်ဆံ့လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟေတီနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းကတည်းက ဂိုဏ်းစတားတွေရဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ၂,၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
ဒါ့အပြင် ရန်ပုံငွေနဲ့ လူအင်အား အခက်အခဲရှိနေတဲ့ ကင်ညာရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု မစ်ရှင်နေရာမှာ အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလက ခွင့်ပြုပေးခဲ့တဲ့ ဂိုဏ်းစတားနှိမ်နင်းရေး တပ်ဖွဲ့အသစ်နဲ့ပတ်သက်ပြီး ဟေတီရဲ့ ဘက်စုံအကျပ်အတည်းတွေကို ကုလသမဂ္ဂက ဘယ်လိုကူညီပေးနေလဲ ဆိုတာကိုလည်း ဂူတာရက်စ်က သုံးသပ်ပြောပါတယ်။
အင်အား ၅,၅၀၀ ရှိတဲ့ ဒီတပ်ဖွဲ့အသစ်ဟာ ဂိုဏ်းစတားတွေကို လက်နက်ဖြုတ်သိမ်းပြီး ဂိုဏ်းတွေကို ဖျက်သိမ်းဖို့အတွက် အကြွင်းမဲ့နှိမ်နင်းနိုင်တဲ့ ပိုမိုပြတ်သားတဲ့ လုပ်ပိုင်ခွင့်အာဏာ ရရှိထားတာဖြစ်ပြီး အခြေချထားတဲ့ စစ်တပ်တွေဟာ လာမဲ့သီတင်းပတ်တွေအတွင်း စတင်လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။
Source: Reuters










