DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်ကို စစ်တပ်ကဝင်စစ်ဆေး၊ လွှတ်တော်အမတ်အပါအဝင် ၁၀ ဦးခန့်ကို ဖမ်းဆီး
DVB
·
December 14, 2021
လေးကေ့ကော်မြို့သစ်ကို စစ်တပ်ကဝင်စစ်ဆေး၊ လွှတ်တော်အမတ်အပါအဝင် ၁၀ ဦးခန့်ကို ဖမ်းဆီး
1 / 7
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ  လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ ဆရာဝန်တယောက် အပါအ၀င် လူ ၁၀ ယောက်ကျော် လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေးကေ့ကော်မြို့သစ်ကို အကြောင်းအမျိုးမျိုးပြပြီး အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ တပ်စွဲထားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး  ဒီမနက် ၉ နာရီ လောက်မှာ ၆ ရပ်ကွက်ကို စတင်ဝင်ရောက်စစ်ဆေးနေတာလို့ လေးကေကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့က တအိမ်ချင်းစီ ဝင်ရောက် စစ်ဆေးသွားမယ့် ပုံစံရှိတယ်။ စာရင်းတွေလည်း ပါလာပုံ ရပါတယ်။ မနက်ကတော့ သေနတ်သံ  ၆ ချက်လောက် ဖလူးဘက်ကနေ ကြားရပြီး ဘယ်က ပစ်တယ်ဆိုတာတော့ မသိသေးဘူး။”

ကရင်ပြည်နယ်ထဲက နယ်မြေခံ စစ်ကောင်စီ တပ်အင်အား ၂၀၀ လောက်ဟာ မနေ့ ညကတည်းက မယ်ထော်သလေးဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့ကြပြီးနောက် ကွင်းကလေးရွာဘက် ခြေလျင် စစ်ကြောင်းတကြောင်း၊ ဖလူးရွာဘက်နဲ့ မယ်ထော်သလေးဘက်တွေမှာ စစ်ကြောင်းတကြောင်းစီ စုစုပေါင်း စစ်ကြောင်း ၄ ကြောင်းနဲ့ ဝင်ရောက်လာနေတာလို့ လေးကေကော်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

“အခုကတော့ ဒီနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့တဲ့ပုံစံဖြစ်လာပြီ၊ အ၀င်အထွက်တွေလည်း အရင်ကထက် အရမ်းတင်းကျပ်လာပြီ။ ၀င်လာသမျှ ကား၊ ဆိုင်ကယ်တွေကိုပါ စစ်ကောင်စီက စစ်ဆေးတာတွေ၊ ဒီဘက်ကနေ ထွက်တဲ့ ဈေးကားတွေကို စစ်တာတွေ တင်းကျပ်လာပြီ။ ဒီကိုဈေးလာရောင်းတဲ့ ဈေးသည်တွေနဲ့ ဈေးကားတွေကို စစ်ဆေးနေတာကြောင့် ဈေးလာရောင်း တဲ့သူတွေလည်း သိပ်မလာရဲကြတော့ဘူး၊ တဖြည်းဖြည်းကျပ်တည်းလာတာကနေ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်။” 

စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် အင်အား ၅၀ လောက်ဟာ မနေ့ကလည်း လေးကေ့ကော်မြို့သစ်ရဲ့ အမြောက်ကုန်းနေရာကို ဝင်ရောက်ပြီး စခန်းချလှုပ်ရှားဖို့ ပြင်ဆင်လာတယ်လို့ လေးကေကော်မြို့သစ် စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကိုဗစ်ကာကွယ်ဆေးထိုးဖို့ဆိုပြီး တကြိမ်၊ မှတ်ပုံတင်ပြုလုပ်ပေးမယ်ဆိုပြီး တကြိမ်၊ ဓာတ်ပုံ၀င်ရိုက်ဖို့တကြိမ်  အပါအ၀င် စုစုပေါင်း အခုတကြိမ်နဲ့ဆို လေးကေ့ကော်မြို့သစ် ကို  ၇ ကြိမ်မြောက် ဝင်လာတာလို့ သိရပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေကို ခုလို စစ်ကောင်စီရဲ့တပ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ရေးတင်းမာနေပြီး နှစ်ဘက်တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြဝတီခရိုင်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို ကေအန်ယူနဲ့  ကရင်ပြည်နယ် အစိုးရအကြား  ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လေးကေ့ကော်မြို့သစ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးထားတာဖြစ်ပြီး ရပ်ကွက် ၆ ရက်ကွက်မှာ မိသားစု ထောင်ချီနေထိုင်နေကြတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013