DVB Logo
Home
Lead Story
၂၁-ရာစုနှစ် မြန်မာ့‌နိုးထခေတ်ပြောင်းကာလ
DVB
·
December 13, 2021
၂၁-ရာစုနှစ် မြန်မာ့‌နိုးထခေတ်ပြောင်းကာလ
Donate to DVB

(21st Century Burma Renaissance Period)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတရားစစ်အာဏာလုပွဲက ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာ‌နွေဦးအရေးတတော်ပုံကြီးဟာ နိုင်ငံအပေါ် နှစ်ပေါင်း ၇၀ ကျော် လွှမ်းမိုး ဖျက်ဆီးနှိပ်စက်ခဲ့တဲ့ စစ်အာဏာရှင်အမှောင်ခေတ် (Dark Ages) ကနေ လွတ်မြောက်ဖို့ လူးလွန့်ရုန်းထခဲ့ကြရာမှာ ပြည်သူပြည်သားတွေ နိုင်ငံရေးအသိ အမြင့်ဆုံး စံချိန်တင်ရောက်ရှိ နိုးကြားလာခဲ့တဲ့ကာလ ဖြစ်တာမို့ ၂၁ ရာစု မြန်မာ့နိုးထခေတ်ပြောင်းကာလ (21st Century Burma Renaissance Period) လို့ပဲ နာမည်ပေးချင်မိပါတယ်။

၂၀ ရာစုတုန်းကလည်း ၁၉၂၀ ပြည့်နှစ်ကာလတွေမှာ ဗြိတိသျှကိုလိုနီ အမှောင်ခေတ်ကနေ လွတ်မြောက်ဖို့ မြန်မာတွေ ရုန်းကြွနိုးထခဲ့ပြီး တနိုင်ငံလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အရင်းပြုလို့ လွတ်လပ်သောအချုပ်အခြာပိုင် နိုင်ငံတနိုင်ငံအဖြစ် လွတ်လပ်ရေးမကိုဋ်ပန်းကို ဆွတ်ခူးနိုင်ခဲ့ကြဖူးပါတယ်။

တကယ်တော့ ၂၁ ရာစု မြန်မာ့‌နိုးထခေတ်ပြောင်းကာလဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီးက‌နေ သန္ဓေတည်လာခဲ့တယ်လို့ပြောရင် မမှားနိုင်ပါဘူး။ 

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ထွန်းလာတာနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်း‌မတွေပေါ် တက်လာကြတဲ့ မြန်မာပြည်သူတွေရဲ့ နိုင်ငံ‌ရေးအသိရေချိန် နိုးထမှုဟာ စက်တင်ဘာ ၁၈ မှာ စစ်တပ်က ပစ်ခတ်အာဏာသိမ်းတော့ အရှိန်တန့်သွားခဲ့ရပါတယ်။

အကုန်မဟုတ်ပေမဲ့ ရာထူးတွေပေး၊ မြေကွက်တွေပေး၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့ မြှူဆွယ်လို့ အခွင့်ထူးခံခွင့်တွေနဲ့ အဖျက်ဆီးခံလိုက်ရတဲ့ အခုချိန် အသက် ၅၀၊ ၆၀ တန်း မျိုးဆက်ဖြစ်တဲ့ Baby Boomer နဲ့ Generation X မျိုးဆက်ဟာ စစ်အာဏာရှင်စနစ်ကို မောင်းနှင်ပေးခဲ့ရရင်း နိုင်ငံရေး အထအနှေးဆုံးမျိုးဆက် ဖြစ်ခဲ့ရပါတယ်။

Baby Boomer မျိုးဆက်ထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့လို နိုင်ငံရေးအသိမှန်ပြီး အလွန်ရဲရင့်ကြတဲ့ ကြယ်တံခွန်ကြီးတချို့ ပေါ်ထွန်းခဲ့ပေမဲ့ အများစုကတော့ စစ်အာဏာရှင် မိုးခါးရေစီးကြောင်းထဲမှာ အသာအယာ မျောခိုလိုက်ခဲ့ကြပါတယ်။ 

အုပ်စိုးသူကစလို့ တပြည်လုံး ခိုးစားလာကြရတဲ့ စောရပြည်ကြီးမှာ ဒီကနေ အသက် ၅၀ ကျော်အထက် မျိုးဆက်တွေထဲက တချို့ဟာ အာဏာပိုင်တွေနဲ့ လက်တွဲလို့ မိမိနဲ့ မိမိ မိသားစု ချမ်းသာကြွယ်ဝရေးကို အားထုတ်ခဲ့ကြတာမို့ တော်လှန်ရမယ်ဆိုတာမျိုးကို သွေးနည်းကြပုံ ရပါတယ်။ ခိုးရာပါ၊ တိုက်ရာပါ ပိုက်ဆံရှိလာ‌တော့ အတွေးအခေါ်ကျတော့လည်း ဖောက်ထွက် တွေးခေါ်ဖို့ရာ အားနည်းသွားခဲ့ရပြီး Generation Z နဲ့ Y မျိုးဆက်တွေလောက် နိုင်ငံရေးအသိအမြင်ပွင့်ရာမှာ နှေးကွေးခဲ့ကြတာမို့။ ဒါကြောင့်မို့လို့လည်း NLD အစိုးရ လက်ထက်မှာ မပူးပေါင်းဘဲ ပညာပြ တရွတ်ဆွဲတဲ့ ရာထူးအဆင့်ကြီးတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ဖော်သတိပေးခဲ့ရတာ မဟုတ်လား။ 

ဒါပေမဲ့လည်း ရုန်းကြွနိုးထလာတဲ့ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး လှိုင်းတံပိုးကြီးတွေ အရှိန်အဟုန်ရလာရတာ ကိုယ်ထိလက်ရောက် ပါဝင်ကူညီတာ၊ အားတက်သရော ငွေကြေး လှူဒါန်းလာကြတာဟာ Baby Boomer မျိုးဆက်အပါအဝင် ရှိရှိသမျှ မျိုးဆက်အားလုံးရဲ့ နိုင်ရာဝန်ထမ်းပြီး ၂၁ ရာစု မြန်မာ့‌နိုးထခေတ်ပြောင်းကာလကြီးကို အရှိန်ညီးညီး တောက်ပဝင်းထိန်စေခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အသိမြင့်နိုးထလာကြတဲ့ မျိုးဆက်တွေအနက်က အရဲရင့်ဆုံး အတောက်ပဆုံး မျိုးဆက်ကတော့ ဂျန်ဇီလို့ အတိုကောက်ခေါ်ကြတဲ့ Generation Z လူငယ်လူရွယ်မျိုးဆက်တွေဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

ဒီနေရာမှာ ကြားဖြတ်လို့ Renaissance ဆိုတဲ့စ ကားရပ်အကြောင်း ခပ်ပါးပါး တို့ထိပါရစေ။  Renaissance Period ကာလဆိုတာ ၁၄ ရာစုလောက်မှာ အမှောင်ခေတ် (Dark Ages) ထဲကနေ ဥ‌ရောပတိုက်ဟာ အသိအမြင် ပြန်လည်ရုန်းကြွနိုးထလာတဲ့ကာလ ဖြစ်ပါတယ်။ ယေဘုယျဖြင့် ၁၄ ရာစုမှ ၁၇ ရာစုအထိ ဖြစ်ပျက်ခဲ့တယ်လို့ ဖော်ပြကြပြီး၊ Renaissance ဟာ ဂန္ထဝင်ဒဿန အတွေးအခေါ်၊ စာပေနဲ့ အနုပညာတို့ကို ပြန်လည်ရှာဖွေတွေ့ရှိမှုကို မြှင့်တင်ပေးခဲ့ပါတယ်။ 

လူ့သမိုင်းရဲ့ အကြီးကျယ်ဆုံးသော တွေးခေါ်ရှင်‌တွေ၊ စာရေးဆရာ‌တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ သိပ္ပံပညာရှင်‌တွေနဲ့ အနုပညာရှင်တချို့ဟာ အဲဒီခေတ်ကာလထဲမှာ ထွန်းကားလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စူးစမ်းရှာဖွေမှုတွေ၊ ဥရောပကူးသန်းရောင်းဝယ်ရေးအတွက် နယ်မြေသစ်‌တွေနဲ့ ယဉ်ကျေးမှုများစွာကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့် Renaissance ကို အလယ်ခေတ်နှင့် ခေတ်သစ်ယဉ်ကျေးမှုကြားရှိ ကွာဟချက်ကို ပေါင်းကူးအဖြစ် သတ်မှတ်ဂုဏ်ပြုကြပါတယ်။

၁၄ ရာစုအတွင်း အီတလီမှာ လူသားဝါဒလို့‌ ခေါ်တဲ့ ယဉ်ကျေးမှုလှုပ်ရှားမှုတစ်ခု အရှိန်အဟုန်နဲ့ စတင်လာခဲ့ပါတယ်။ သူ့ရဲ့ အခြေခံမူများစွာထဲမှာ လူသားဝါဒဟာ လူသားသည် ၎င်း ကိုယ်ပိုင်စကြဝဠာရဲ့ဗဟိုဖြစ်တယ် ဆိုတဲ့ အယူအဆကို မြှင့်တင်ပေးခဲ့ပြီး လူသားတွေဟာ ပညာရေး၊ ဂန္ထဝင်အနုပညာ၊ စာပေနဲ့ သိပ္ပံတို့တွင် လူသားတွေရဲ့ အောင်မြင်မှု‌တွေကို လက်ခံ ယုံကြည်လာကြပါတယ်။

ကဲ… အခု မြန်မာနိုင်ငံ အတိတ်သမိုင်းကို တချက် ပြန်လှည့်‌စောင်းငဲ့ကြည့်ကြရအောင်။

၁၉၆၂ ခုနှစ်ကစလို့ သန္ဓေယုတ်ပြီး စရိုက်ပျက် စစ်အာဏာရှင်စနစ် ကြီးစိုးခြယ်လှယ်တာ ခံခဲ့ရတဲ့ ကံဆိုးမ အမိမြန်မာနိုင်ငံတော်မှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ‌ရေး၊ စာရိတ္တစတဲ့ ရှိရှိသမျှကဏ္ဍပေါင်းစုံမှာ အနိမ့်ဆုံးအထိ ယိုယွင်းကျဆင်းခဲ့ရုံသာမက အောက်ပါ ကြီးမြတ်တဲ့ မြန်မာ့တန်ဖိုးအမျိုးမျိုး တိုင်းရင်းသားယဉ်ကျေးမှုကောင်း များစွာ ဖျက်ဆီးခံခဲ့ရပြီး တစစ တိမ်ကော မှေးမှိန်ခဲ့ရပါတယ်။ 

၁) မြို့မိမြို့ဖ ယဉ်ကျေးမှု တန်ဖိုး

၂) လိပ်ပြာသန့်တဲ့ သမ္မာအာဇီဝယဥ်‌ကျေးမှု တန်ဖိုး

၃) ရိုင်းပင်းကူညီမျှဝေခြင်း တန်ဖိုး

၄) ခွဲခြားဝေဖန်စိစစ်တတ်ခြင်း တန်ဖိုး

၅) ပညာပြည့်ဝ နှလုံးလှခြင်း တန်ဖိုး

၆) အဂတိကင်းရှင်းခြင်း တန်ဖိုး

၇) အမှန်တရားမြတ်နိုးခြင်း တန်ဖိုး

၈) ရိုးသားဖြောင့်မတ်ခြင်း တန်ဖိုး

၉) အပြန်အလှန် လေးစားဂါရဝထားခြင်း တန်ဖိုး

၁၀) အားနည်းသူကို ဦးစားပေးခြင်း တန်ဖိုး

စတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့တန်ဖိုးရတနာတွေ နေရာမှာ အောက်ပါယဉ်ကျေးမှုဆိုးတွေ အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

၁) မသူတော်တွေ အိမ်ဦးခန်းတက်ထိုင်တဲ့ ယဉ်ကျေးမှုဆိုး

၂) မိုးခါးရေသောက်တဲ့ မသမ္မာအာဇီဝယဉ်ကျေးမှုဆိုး

၃) တကိုယ်ကောင်းသာကြည့်တဲ့ ယဉ်ကျေးမှုဆိုး

၄) ဆင်ခြင်တုံတရားကင်းမဲ့စွာ လက်ခံတဲ့ ယဉ်ကျေးမှုဆိုး

၅) ပညာမဲ့ မနာလိုဝန်တိုတဲ့ ယဉ်ကျေးမှုဆိုး

၆) အဂတိတရား ၄ ပါး လိုက်စားတဲ့ ယဉ်ကျေးမှုဆိုး

၇) အမှန်တရားကို လျစ်လျူရှုတဲ့ ယဉ်ကျေးမှုဆိုး

၈) ကောက်ကျစ်ယုတ်မာတဲ့ ယဉ်ကျေးမှုဆိုး

၉) လူလူချင်း အရိုသေမဲ့ဂါရဝတရား ယဉ်ကျေးမှုဆိုး

၁၀) အားနည်းသူကို ဖိနှိပ်ဗိုလ်ကျတဲ့ ယဉ်ကျေးမှုဆိုး

ရာစုနှစ်ဝက်ကျော် စစ်သံခွာဖိနပ်အောင်မှာ ပြားပြားမှောက်လို့ ငရဲတွင်းထဲ လောင်မီးကျခံရသလို အတိဒုက္ခရောက်ခဲ့ကြရတဲ့ မြန်မာပြည်သူလူထုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မိမိတို့ရဲ့ အသည်းကြားက မဲပြားတွေနဲ့ ရွေးချယ်ခဲ့တဲ့ ပြည်သူ့ပါတီ NLD ကို အစိုးရဖွဲ့ခွင့်မပေးဘဲ လက်နက်အားကိုး အာဏာလုယူရုံမက လက်မခံကြတဲ့ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို ခေါင်းကို ချိန်ပစ်သတ်လာတဲ့အခါမှာတော့ ယမ်းပုံကြီးထဲ မီးစပစ်ထည့်လိုက်သလို မြန်မာလူထုရဲ့ နိုင်ငံရေးအသိအမြင်တွေပေါက်ကွဲရုန်းကြွနိုးထလာရင်း ၂၁ ရာစု မြန်မာ့‌နိုးထ ခေတ်ပြောင်းကာလကြီး ဖြစ်ထွန်းရှင်သန်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဥရောပမှာဖြစ်ပွားခဲ့တဲ့ Renaissance နိုးထမှုကြီးအပြီးမှာ ယဉ်ကျေးမှုဟောင်းတွေ၊ နိုင်ငံရေးအုပ်ချုပ်ပုံစနစ်ဟောင်းတွေ၊ အတွေးအခေါ်ဟောင်းတွေ အဖတ်လိုက် ကွာကျပြီး ယဉ်ကျေးမှုအသစ်၊ နိုငိငံရေးအုပ်ချုပ်ပုံစနစ်သစ်တွေ၊ အတွေးအခေါ်သစ်၊ အနုပညာသစ်တွေ ဖြစ်တည်လာခဲ့သလို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ Renaissance နိုးထမှုကြီးဟာ တရားမျှတ ဝါဒဖြူစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို ပေါ်ထွန်းလာစေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗာလာနံ စစ်အခွင့်ထူးခံတသိုက်နဲ့ ဘာသာရေး လူမျိုးရေး အစွန်းရောက် ငမိုက်သားတွေကတော့ မီးစာကုန်ဆီခန်းနေတဲ့ စစ်အခွင့်ထူးခံ စနစ်ဟောင်းကြီးကို ဖက်တွယ်ရင်း ရသမျှ ကုတ်ကတ်လိုက်ပါနေကြတဲ့ ဆင်သေကောင်ပေါ်က ကျီးမိုက်များပမာပါပဲ။

စစ်အာဏာရှင်စနစ်ဆိုး လက်အောက်က လွတ်မြောက်ဖို့ ပြင်းပြတဲ့ ဆန္ဒကိုယ်စီနဲ့ မြန်မာပြည်သူလူထုရဲ့ ရဲရင့်ပြောင်မြောက်တဲ့ စွန့်လွှတ်စွန့်စားမှုတွေရဲ့ စု‌ပေါင်းရလဒ် သင်္ကေတဖြစ်တဲ့ (21st Century Burma Renaissance) ၂၁ ရာစု မြန်မာ့နိုးထမှုကြီးဟာ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်လှန်ဖြိုချရုံသာမက အဖိုးတန်ကောင်းမွန်တဲ့ မြန်မာ့တန်ဖိုး အမျိုးမျိုး တိုင်းရင်းသားယဉ်ကျေးမှုကောင်းများစွာကို ပြန်လည်ဖော်ထုတ်ရှင်သန်လာစေနိုင်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013