DVB Logo
Home
မြန်မာသတင်း
တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်
DVB
·
January 21, 2014
တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။

A man talks on his mobile phone next to a woman talking at a public phone shop in central Yangon၁ မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေးမယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ်ကိုလည်း အစိုးရက လက်ရှိကာလမှာ မဲဖောက်ပေးနေတဲ့ ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

 အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ပြည်ပနိုင်ငံ တွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါ ဖိတ်ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ တယ်လီနော် နဲ့ အော်ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက တင်ဒါအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကုမ္ပဏီကြီးတွေအနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် မရရှိသေးပါဘူး။

 ဒါကြောင့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ ဆက်သွယ်ရေးလုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ကြောင်း တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်မွန်မြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ပြောထားတာက ၁၅၀၀ ထက်မများတဲ့ ဈေးနှုန်းနဲ့ ဆင်းကတ်တွေ ရောင်းချပေး မယ်ဆိုပြီး ထည့်ထားပါတယ်။ တကယ်တမ်းဈေးနှုန်းကတော့ လည်ပတ်တဲ့အချိန်ကျမှပဲ သိရပါမယ်။ အခုက ထုတ်ဖော်ပြလို့ မရသေးတဲ့အတွက်ပါ။ ဘယ်အချိန်စမလဲဆိုတော့ တရားဝင် ဆက်သွယ်ရေးလိုင်စင်ရပြီးတော့ ၈ လအတွင်းမှာ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာ ဆက်သွယ်ရေးလိုင်စင်အတွက် နောက်ဆုံး ဆွေးနွေးနေဆဲ ဖြစ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပေမယ့် နည်းဥပဒေပေါ်ထွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဒါကို စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းနဲ့ ဒီနည်းဥပဒေ ထွက်ပေါ်လာမှပဲ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ကို ရရှိမှာ ဖြစ်ကြောင်း သူက ဆက်လက် ပြောပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရင်က အစိုးရတဦးတည်းက ချုပ်ကိုင်ခဲ့တာ ဖြစ်လို့ သုံးစွဲတဲ့သူတွေအနေနဲ့ ရွေးချယ်စရာ မရရှိခဲ့တဲ့အပြင် နည်းပညာ ပိုင်းဆိုင်ရာမှာလည်း နောက်ကျမှုတွေ ရှိခဲ့ပါတယ်။

 ဒါကြောင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအနေနဲ့ အခုလို ၀င်ရောက်လာတာက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိစေမယ်လို့ မျှော်လင့်တဲ့ အကြောင်း လူကြီးမင်း လက်ကိုင်ဖုန်းရောင်းဝယ်ရေးစင်တာက ဒါရိုက်တာ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။

“အရင်က မြန်မာဆက်သွယ်ရေး တခုတည်းရှိတော့ တချို့ဟာတွေ အဆင်ပြေတယ်၊ တချို့ဟာတွေ အဆင်မပြေဘူး။ အခု တခြားအော်ပရေတာတွေလည်း ၀င်လာတော့ အပြိုင်အဆိုင်လုပ်မယ်။ ကိုယ့်ဘက်မှာလည်း မြန်မာပြည်က အော်ပရေတာတွေက သူ့လိုပဲ အပြိုင်အဆိုင် လိုက်လုပ်ကြမယ်ဆိုရင် အသုံးပြုသူတွေအတွက်လည်း ပိုကောင်းလာမယ်၊ ဆက်သွယ်ရေးကဏ္ဍလည်း ပိုပြီးဖွံ့ဖြိုးလာမယ်။ ဖွံ့ဖြိုးမှုနှုန်းတောင် ပိုပြီး မြန်လာမယ်ထင်တယ်။”

မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ ဆက်သွယ်ရေးကွန်ရက် စနစ်ဖြစ်လာဖို့ HSPA နဲ့ LTE –ready နည်းပညာတွေကို အသုံးပြုပြီးတော့ အကောင်းမွန်ဆုံး မိုဘိုင်းကွန်ရက်စနစ်ကို တည်ထောင်သွားမယ်လို့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

 ကုမ္ပဏီအနေနဲ့ ၅ နှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံးကို ကွန်ရက်ဖြန့်ကျက်နိုင်ဖို့အတွက် စီစဉ်ထားရှိပြီး အသံနဲ့ ဒေတာအပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို မြန်မာပြည်သူတွေ အသုံးပြုနိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ကြောင်း တယ်လီနော်ဆက်သွယ်ရေးကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့စ် ၂ ခုသာ ဆက်သွယ်ရေးလိုင်စင် ရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013