DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး
DVB
·
January 20, 2014
တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး
1 / 2
Donate to DVB

စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မဆုတ်မနစ် နောက်ကြောင်းပြန်မလှည့်ဘဲ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်သွားကြဖို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ethnic meeting2တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေဟာ  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလားမှာ  ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်ထိ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

 ဒီနေ့စတင်တဲ့ ဆွေးနွေးပွဲ နှုတ်ခွန်းဆက် မိန့်ခွန်းမှာ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးက “အားလုံးပါဝင်တဲ့ သမိုင်းတွင်ရစ်မည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို မဆုတ်မနစ်နဲ့ နောက်ကြောင်းပြန်မလှည့်ရန် သန္နိဋ္ဌာန်ချပြီး ဆွေးနွေးကြဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ရဲရဲဝံ့ဝံ့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြဖို့” တိုက်တွန်းလိုက်ပါတယ်။

 ပြီးခဲ့တဲ့နှစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရေး ကြိုးပမ်းသွားကြဖို့လိုကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ဘားအံ ဆွေးနွေးပွဲအကြိုအတွက် တိုင်းရင်းသားတွေအကြား ဘုံသဘောတူညီချက် ပိုပြီး ရဖို့ လော်ခီးလာဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောပါတယ်။

“တိုင်းရင်းသားအားလုံး၊ ဗမာပြည်သူတရပ်လုံးက မျှော်လင့်ထားတဲ့ ညီလာခံတခု ဖြစ်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဗမာပြည်ရဲ့ နိုင်ငံရေး အခွင့်အခါနဲ့ ကြုံကြိုက်တဲ့အချိန်မှာ ကောင်းမွန်တဲ့အခွင့်အလမ်း ဖြစ်တယ်။ တိုင်းရင်းသားတွေ စုံစုံညီညီတွေ့ခြင်းအားဖြင့် ဘုံသဘောတူညီချက်တခု ရရေးကို အများကြီး မျှော်လင့်ပါတယ်။ ညီလာခံရဲ့ အဓိက ရည်မှန်းချက်က တိုင်းရင်းသားတွေအားလုံးရဲ့ ဘုံသဘောတူညီချက်၊ ဘုံသဘောတူညီချက်က ဘာလဲဆိုရင် တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်။ တိုင်းရင်းသားတွေရဲ့ အမြင်အသီးသီးကို ပေါင်းချုပ်ပြီးတော့ ယူဆောင်သွားမယ်။ ဘားအံပွဲမှာ နိုင်ငံတော်အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ သဘောထားကို ဆွေးနွေးမယ်။ ပြီးတော့မှ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ရရှိဖို့အတွက် အဲအထိ မျှော်မှန်းထားပါတယ်။ ”

မနက်ဖြန် ဆွေးနွေးပွဲမှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာကိစ္စတွေကို အသေးစိတ် ဆွေးနွေးသွားဖို့ ရှိတယ်လို့ အဲဒီဆွေးနွေးပွဲမှာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်တွင်းက လေ့လာသူတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အစရှိတဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမြို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီမှာ ကျင်းပဖို့ ရှိပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးခဲ့ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက် နေပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာ ပစ်ခတ်ရပ်စဲနိုင်ရေး မူဝါဒါတွေကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သလို အပစ်ခတ်ရပ်ဆိုင်း ပြီးရင်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013