DVB Logo
Home
မြန်မာသတင်း
ရှမ်းဘာသာစကား ဘုံအဖြစ်တူညီစွာ သုံးစွဲနိုင်ရေး ဆွေးနွေး
DVB
·
January 20, 2014
ရှမ်းဘာသာစကား ဘုံအဖြစ်တူညီစွာ သုံးစွဲနိုင်ရေး ဆွေးနွေး
Donate to DVB

မျိုးနွယ်စုများတဲ့ ရှမ်းတိုင်းရင်းသားတွေကြား မတူကွဲပြားတဲ့ ဘာသာစကား နဲ့ ယူနီကုတ်တွေကို ဘုံအဖြစ် နီးစပ်တူညီစွာ သုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပွဲတရပ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းလူမျိုးတွေကြား ဘာသာစကား၊ ဝေါဟာရအသုံးအနှုန်း ကွဲပြားမှုရှိတဲ့ အရာတွေကို အနီးစပ်ဆုံးတူညီစွာ သုံးစွဲနိုင်ဖို့နဲ့ အိုင်တီခေတ်မှာ ရွေးချယ်စရာ ယူနီကုတ်တွေကြား တူညီစွာ သုံးစွဲနိုင်ရေးတွေ ဆွေးနွေးခဲ့တာပါ။

1532010_476674042441654_1476221540_n copyဇန်န၀ါရီ ၁၈ နဲ့ ၁၉ ရက်နေ့က ချင်းမိုင်မြို့၊ ၀ပ်ကူတောဝ့် ကျောင်းတိုက် ဓမ္မာရုံမှာ ကျင်းပသွားတဲ့ အဲဒီဆွေးနွေးပွဲမှာ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်း နဲ့ မီဒီယာအဖွဲ့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၇၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စိုင်းဆိုင်ယက “နောင်လာမယ့် မျိုးဆက်သစ်တွေကြား ရှမ်းစာပေသင်ယူမှာ ထွေပြားေ၀၀ါးမှုမရှိရေးအတွက် လက်လှမ်းမီရာ ရှမ်းအဖွဲ့တွေကို ခေါ် ယူဆွေးနွေးရတာပါ” လို့ ပြောပါတယ်။

ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း နာယက ဦးခွန်စိုင်းက “ဘာသာစကားစာပေတွေ ထိန်းသိမ်းဖို့၊ ဘုံသုံးစာပေစကားတွေ ဖော်ဆောင်ရာမှာ ဗုဒ္ဓဟောကြားတဲ့ အလယ်အလတ် လမ်းစဉ်တွေနဲ့ ဆောင်ရွက်ဖို့၊ ကွဲပြားတဲ့ ၀ိဝါဒ၊ မူ၊ အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းရာမှာ တဘက်နဲ့တဘက် တဖြည်းဖြည်းနီးစပ်လာအောင် ညှိနှိုင်းရေး၊ စာပေနဲ့ လူမျိုး ထိန်းသိမ်းမြှင့်တင်ဖို့အတွက် တဘက်က သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးကြီးတယ်” လို့ ပြောကြားသွားပါတယ်။

ရှမ်းစာပေယဉ်ကျေးမှုမှာ နှံ့စပ်သူ ဦးစိုင်းခမ်းဟန်ဖကလည်း တခေတ်ပြီးတခေတ် ပြောင်းလဲတိုးတက်လာတဲ့ ရှမ်းစာပေအကြောင်း၊ သံစဉ်၊ ဖိုနက်တစ်၊ ဒေသတခုနဲ့တခု မတူကွဲပြားတဲ့ လေယူလေသိမ်းအကြောင်း၊ တီထွင်မှု လွန်ကဲခြင်းကြောင့် မူလစာပေအနေအထား ပျက်စီးမှာကို စိုးရိမ်မကင်းဖြစ်ကြောင်း ပြောသွားပါတယ်။

ရှမ်းသမိုင်းသုတေသီနဲ့ စာရေးဆရာ မဟာမုန့်ကတော့ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ လော၊ ထိုင်း နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရှမ်းမျိုးနွယ်အသီးသီးမှာ မတူကွဲပြားတဲ့ ရှမ်းစာ ၁၃ မျိုးရှိကြောင်း၊ ဒါကြောင့် ဒီလူမျိုးစုတွေကြား ဘုံစာပေ သတ်မှတ်ဖို့ မဖြစ်နိုင်ပေမယ့် သုံးနှုန်းတဲ့စကားတွေ အများစု တူညီကြတဲ့အတွက် နိုင်ငံမတူတဲ့ ရှမ်းလူမျိုးတွေကြား ဘာသာပြန်သူ ကြားခံစရာ မလိုဘဲ တိုက်ရိုက်ပြောဆိုနိုင်အောင် ကြိုးစားသင့်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ရေမြေခြား ရှမ်းမျိုးနွယ်စုစကားတွေ အလွယ်တကူ လေ့လာနိုင်ဖို့ အဘိဓာန်စာအုပ်တွေ ထုတ်နိုင်အောင်ကြိုးစားဖို့၊ ဝေါဟာရတွေ ရှာဖွေစုစည်းဖို့ နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က ရေးသားခဲ့တဲ့ ရှမ်းပုရပိုက်တွေ၊ ရှမ်းပုရပိုက်ရေးသားခဲ့သူ စာဆိုတော်တွေအကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ ယူနီကုတ်ရဲ့ အဓိပ္ပာယ်၊ ရှမ်းယူနီကုတ် စတင်တီထွင်သုံးစွဲခြင်း၊ ရှမ်းဝက်ဘ်ဆိုဒ်တွေအကြောင်းနဲ့ ဘုံယူနီကုတ်အဖြစ် ရွေးချယ် အသုံးပြုရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းယူနီကုတ်တွေဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်က စတင်ပေါ်ပေါက်သုံးစွဲခဲ့ပြီး ဒီနေ့အထိ ယုန်းချို၊ ပင်လုံ၊ နမ့်ခုံး၊ ခမ်းကျိန်၊ ဇော်ဂျီတိုင်း စသဖြင့် အနည်းဆုံး ၅ ခုခန့်ရှိကြောင်း၊ အဲဒီထဲက ဇော်ဂျီတိုင်း ယူနီကုတ်ဟာ လူသုံးများကြောင်း တွေ့ရှိရပေမယ့် ယူနီကုတ်စံနှုန်းနဲ့ မညီသလို ရေရှည်မတည်တံ့နိုင်ခြင်း၊ အချက်အလက် ရှာဖွေရာမှာ ခက်ခဲတာတွေကြောင့် ဖြစ်နိုင်ရင် ရှမ်းယူနီကုတ်ကိုသာ ရွေးချယ်သုံးစွဲစေလိုကြောင်း၊ ဇော်ဂျီယူနီကုတ်ကလွဲလို့ ကျန်တဲ့ယူနီကုတ်တွေဟာ စံနှုန်းကိုက်ညီပြီး တခုနဲ့တခု ချိတ်ဆက်ဖတ်ရှုနိုင်ပါကြောင်း မဟီဒွန်းတက္ကသိုလ် ပါရဂူတန်းမှ စိုင်းလုံက ပြောပါတယ်။

ဒီအစည်းအဝေးကနေ ရှမ်းဘာသာစကားစာပေ အဖွဲ့နဲ့ အိုင်တီ ဆိုတဲ့ အဖွဲ့ ၂ ဖွဲ့ခွဲ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ဘာသာစကားစာပေအဖွဲ့မှာ မီဒီယာသမားအချင်းချင်း ဝေါဟာရတူညီစွာသုံးစွဲရေး၊ ဘာသာပြန်ရ ခက်ခဲတဲ့ ဝေါဟာရနဲ့ ရှေးခေတ်သုံး ဝေါဟာရတွေ လေ့လာစုဆောင်းရေး၊ တလတကြိမ်တွေ့ဆုံဖလှယ်ရေးတွေ ဆုံးဖြတ်ခဲ့ပါတယ်။

အိုင်တီအဖွဲ့မှာတော့ ရှမ်းယူနီကုတ်ကို ဘုံအဖြစ်သုံးစွဲရေး ဆက်လက်တိုက်တွန်းနှိုးဆော်ဖို့၊ ရှမ်းအိုင်တီ တိုးတက်ရေး၊ ပြဿနာတွေ ဆွေးနွေး ဖလှယ်ဖြေရှင်းရေး၊ အိုင်တီ ( အချက်အလက်နည်းပညာ) ကို ရှမ်းလူထုတွေကြား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ဖို့ သင်တန်းပေးရေး၊ ရှမ်းဘာသာအဘိဓာန် နဲ့ မတူညီတဲ့ ရှမ်းဝေါဟာရတွေ အွန်လိုင်းပေါ်ကနေ ဖလှယ်နိုင်ဖို့ ၀က်ဘ်ဆိုက်ဖွင့်ရေး၊ ဗွီဒီယိုတွေ ရိုက်ကူးဖြန့်ချိရေး၊ ၀ိကီပီးဒီးယား (အွန်လိုင်း) စွယ်စုံကျမ်းပေါ်မှာ ရှမ်းစာပေယဉ်ကျေးမှု သမိုင်းအချက်အလက်မှန်တွေ တင်နိုင်ရေး စတာတွေအတွက် သုံးလတကြိမ် တွေ့ဆုံဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆွေးနွေးဖလှယ်ပွဲကို ထိုင်းနိုင်ငံမှာ ထူထောင်ခွင့်မှတ်ပုံတင် ရထားတဲ့ ရှမ်းယဉ်ကျေးမှုနဲ့ ပညာရေးအသင်း နဲ့ ချင်းမိုင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013