DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် အဂတိအမှု ၁ မှု ဆက်လက်စစ်ဆေး
DVB
·
December 10, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် အဂတိအမှု ၁ မှု ဆက်လက်စစ်ဆေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုတွေထဲက ၁ မှုကို ဒီဇင်ဘာ ၁၀ ရက်မနက်က   နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက် စစ်ဆေးပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အနီးပရဝုဏ်ကို အသုံးပြုမှုနဲ့ပတ်သက်တဲ့ အမှုနံပတ် ၂၅/၂၀၂၁ ကိုဆက်လက်စစ်ဆေးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီအမှုဟာ ရန်ကုန်တိုင်းတရားလွှတ်တော်ကနေ နေပြည်တော်တရားရုံးကို လွှဲ ပြောင်းထားတဲ့ အမှုဖြစ်ပါတယ်။

ဒီအမှုကို တိုင်ကြားခဲ့တဲ့ စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က  ဒီကနေ့မှာ ထွက်ဆိုချက်တွေပေးခဲ့သလို ရှေ့နေအဖွဲ့က အပြန်အလှန်စစ်မေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့  ဦးရဲမင်းဦးတို့ကို  ပူးတွဲစွဲဆိုထားတဲ့ တခြားအဂတိအမှုတွေကိုတော့ ဒီဇင်ဘာ ၁၇ ရက်မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ရုံးချိန်းပေးခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁၇ ရက် ရုံးချိန်းမှာတော့  တရားလိုပြသက်သေ ၂ ယောက်ကို  ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ 

ဒီနေ့တရားရုံးကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ ၄ ယောက်စလုံးကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိအမှု ၆ မှု အပါအဝင် အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းမှာတော့  ဒေါ်ဆောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ရာဇသတ်ကြီး ဥပဒေ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ကိုလည်း  စစ်ကောင်စီတရားရုံးက ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂နှစ် စုစုပေါင်း ထောင် ဒဏ် ၄နှစ် ချမှတ်ခဲ့ပါတယ်။ ဒေါက်တာမျိုးအောင်ကိုလည်း ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ပါတယ်။ 

တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို  ထောင်ဒဏ်ချအပြီး ညနေပိုင်းမှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင်က ထောင်ဒဏ် ၄ နှစ်ထဲကနေ ၂ နှစ်ကို လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013