DVB Logo
Home
မြန်မာသတင်း
တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို မဲနှိုက်ရောင်းချပေးမည်
DVB
·
December 9, 2021
တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို မဲနှိုက်ရောင်းချပေးမည်
1 / 10
Donate to DVB

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် အမှန်တကယ် တိုက်ခန်း လိုအပ်သူတွေအနေနဲ့ တော့ တိုက်ခန်းရဖို့ အလှမ်းဝေးနေတုန်းပဲလို့ အိမ်ရာလျှောက်ထားသူတွေက ပြောပါတယ်။

တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို  အတိုးနှုန်း သက်သာသော ချေးငွေနဲ့ ရောင်းချရာမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးရှောင်ရှားဖို့ မိမိတို့လျှောက်ထားလိုသောအိမ်ရာကို  DUHD Sale Housing  ဖေ့စ်ဘွတ်ခ်စာမျက်နှာ  Messenger မှတဆင့် စာရင်းပေးသွင်းရမှာပါ။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ စုဆောင်းငွေအနည်းဆုံး ကျပ်သိန်း ၃၀ စုဆောင်းထားရှိသူ ၄၃၁၅ ဦး ရှိတဲ့အနက် လျှောက်ထားလိုသူတွေ အနေနဲ့ Messenger မှတဆင့် အချက်အလက်တွေ အပြည့်အစုံ စာရင်းပေးသွင်းရပါမှာဖြစ်ပါတယ်။

Messenger မှတဆင့် အမည်စာရင်းလက််ခံတာကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ  ရုံးချိန်အတွင်း မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ဒိနောက် အခန်းဝယ်ယူခွင့်ရရှိသူတွေရဲ့ အမည်စာရင်းနဲ့ မဲနှိုက်ရောင်းချမယ့် အစီအစဉ်ကို DUHD Sale Housing ဖေ့စ်ဘွတ်ခ်နဲ့  CHIDB  ဘဏ်ဖေ့စ်ဘွတ်တို့မှ ထပ်မံအသိပေးကြေညာသွားမယ်လို့  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာထားပါတယ်။

CHIDB ဘဏ်မှာအကောင့်ဖွင့်ထားသူတဦးက “ကျနော်တို့က တလုံးတခဲတည်း မတတ်နိုင်တော့ မျှော်လင့်ချက်လေးနဲ့ပေါ့၊ ထည့်ထားတာပါ။ တကယ့်တကယ်က အမှန်တကယ် လိုအပ်နေတဲ့ သူတွေလက်ထဲကို မရောက်ပါဘူး။ ဒါက ခေတ်အဆက်ဆက်ကတည်းက မရောက်ခဲ့တာပါ။ အခုလည်း ရောက်မယ် မထင်ဘူး။ တချို့ဝယ်ရောင်းတွေကလည်း ဝင်ပြီးတော့ အကျိုးအမြတ် တစုံတရာရအောင် ဝင်လုပ်တာ တွေလည်း ရှိတယ်နော်။ သူတို့က အဲ့လိုမျိုးဝင်တိုးတဲ့ အတွက်ကြောင့် တကယ် အမှန်တကယ် လိုအပ်တဲ့သူတွေ လက်ထဲကို မရောက်ဘူးဖြစ်နေတယ်” လို့ဆိုပါတယ်။

ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တဦးကလည်း “ပထမတချက်ပြောရရင် မြန်မာပြည်မှာ အခုဆောက်နေတဲ့ တန်ဖိုးနည်းဆိုတာ မရှိဘူးနော်။ တန်ဖိုးမျှပဲ ရှိတယ်။ ပေါက်စျေးနဲ့ တွက်လိုက်ရင် အခုရောင်းနေတဲ့ စျေးတွေနဲ့ သိပ်မကွာဘူး။ ဆိုလိုတာက စျေးပေါလှချည်ရဲ့၊ စျေးနည်းလှချည်ရဲ့ မဟုတ်ဘူးနော်။ တန်ဖိုးနည်း ဆိုတာ မရှိဘူး။ ပြီးတော့ ပွင့်လင်း မြင်သာမှုမရှိခဲ့တာကလည်း ခေတ်အဆက်ဆက်ပဲနော်။ ဒါက မြန်မာ့ဓလေ့ရိုးရာလို ဖြစ်နေတာ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ပေးလေ့ရှိတာက သိပ်အထူးအဆန်းကြီး မဟုတ်တော့ဘူးနော်” လို့ထောက်ပြပြောပါတယ်။

နိုင်ငံတကာမှာကျင့်သုံးနေတဲ့ အိမ်ရာရောင်းချမှုစနစ်ပုံစံနဲ့ပတ်သတ်ပြီး အဆိုပါပုဂ္ဂိုလ်က “ဥပမာ-စင်္ကာပူမှာဆိုရင် အိမ်ရာဝယ်ယူမှုနဲ့ပတ်သက်ပြီး  လျှောက်ဖို့အတွက် အစိုးရက ဖိတ်ခေါ်ရတဲ့ အခြေအနေမျိုးတောင် ရှိတာ တွေ့ရတယ်။ ပြီးတော့ သူ့တို့ဆီမှာ အိမ်ထောင်စုတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ စာရင်းဇယားတွေက ရှိပြီးသား။ ဒါကြောင့် အစိုးရက လိုအပ်တဲ့သူတွေလက်ထဲရောက်ဖို့အတွက် ဒီတခေါက် ခင်ဗျား အလှည့်ရောက်ပြီ။ လာယူပါ ဆိုပြီးတော့ ဖိတ်ခေါ်အကြောင်း ကြားပေးတာနော်။ ခင်ဗျားမှာ ဒီလို လျှောက်ဖို့ အခွင့်အရေး ရှိပါတယ်ဆိုပြီး အဲ့လိုမျိုး ဖိတ်တဲ့အဆင့်နဲ့ အလုပ်လုပ်ကြတာ။ သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းထဲဝင်တဲ့ သူတွေ အကုန်လုံး ရကြတယ်နော်” လို့ဆိုပါတယ်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေဆောက်လုပ် မဲဖောက် ရောင်းချတဲ့ အစီအစဉ်ကို အန်အယ်လ်ဒီ အစိုးရလက်ထက်ကလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013