DVB Logo
Home
မြန်မာသတင်း
ဆက်ကြေးပေးပြီး ကျောက်စိမ်းခိုးတူးနေသည့် စက်ယန္တရားများ စစ်ဆေးရေးကာလ ခဏဝှက်ထားရန် စစ်တပ်က အမိန့်ပေး
DVB
·
December 9, 2021
ဆက်ကြေးပေးပြီး ကျောက်စိမ်းခိုးတူးနေသည့် စက်ယန္တရားများ စစ်ဆေးရေးကာလ ခဏဝှက်ထားရန် စစ်တပ်က အမိန့်ပေး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းခိုးတူးနေတဲ့ စက်ယန္တရားကြီးတွေ ဝှက်ထားကြဖို့   ဒီဇင်ဘာ၈ ရက် မနေ့က ဖားကန့်ရှိ စစ်ကောင်စီ တပ်မ ၃၃ က နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ရပ်နားထားဖို့ စစ်ကောင်စီရဲ့ ကျောက်စိမ်းရိုင်းတူးဖော်ရေးဌာန လုံးခင်းနဲ့ တပ်မ (၃၃) က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပြီး ဖြစ်ပါတယ်။

ခုရက်ပိုင်းအကြာမှာ စစ်ဆေးရေးကြောင့် စက်တွေကို ဝှက်ထားဖို့ ထပ်မံညွှန်ကြားလာတာလို့ ဆိုပါတယ်။

"ကျနော်တို့ကို ကားတွေစက်တွေကို ကြိုတင်ဝှက်ထားကြဘို့ ပြောတယ်။ ကွင်းဆင်းစစ်ဆေးတဲ့ အဖွဲ့တွေ လာမယ် အဲ့လိုလာပြောလို့ ကျနော်တို့လည်း ညတွင်းချင်း စက်တွေကားနဲ့တင်ပြီး ကျင်းနဲ့ဝေးတဲ့ဆီကို ပို့နေရတယ်"လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဖားကန့်ရတနာနယ်မြေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် အားလုံးဟာ ၂၀၂၁ ဩဂုတ်လကတည်းက တူးဖော်ခွင့်လိုင်စင် သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

အဲဒီသက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်တွေကို  အာဏာသိမ်းစစ်တပ်လက်အောက်ခံ နယ်မြေခံ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အောက်တိုဘာလဆန်းပိုင်းကစပြီး လစဉ်ကြေးသဘောမျိုး ဆက်ကြေး ကောက်ခံကာ စက်ယန္တရား အမြောက်အမြားနဲ့ တူးဖော်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ တရားမဝင်ကျောက်စိမ်းတူးနေတဲ့ စက်ယန္တရားတွေ ရုတ်တရက် ပြောင်းရွှေ့နေတာ တွေ့ရတယ်လို့လည်း အခြေခံလူတန်းစား ဒေသခံ ရေမဆေးသမားတွေက ပြောပါတယ်။

"ဒီနေ့ည /ညဦးပိုင်းထိ စက်ယန္တရားကြီးတွေနဲ့ တချို့နေရာတွင် လုပ်နေရင်းက အပြေးအလွှား ချက်ချင်းနားသွားကြတာ။ လုံးခင်းအုပ်စုအတွင်းခိုးသမားတွေ ပြယာခတ်နေကြတယ် တခုခုတော့ ထူးပြီးလို့ထင်တာပဲ "ဟု မဇွပ်ယန်ကျေးရွာသားတဦးက ပြောပါတယ်။

လစဉ်ကြေးကောက်ပြီး ခိုးတူးကျင်းတွေ ခွင့်ပြုထားတာဟာလည်း စစ်ကောင်စီ လက်အောက်ခံစစ်တပ်ကဖြစ်ပြီး လာစစ်မယ့်သူတွေကလည်း စစ်ကောင်စီလက်အောက်ကပဲ ဖြစ်တာကြောင့် လူမြင်ကောင်း လူကြားကောင်းအောင် ဟန်ပြ လုပ်တာသာဖြစ်ပြီး စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားတာနဲ့ ခိုးတူးနေကြဦးမှာပဲလို့  ဒေသခံဌာနေတိုင်းရင်းသား တွေက ဝေဖန်နေကြပါတယ်။

ကချင်နိုင်ငံရေးသမားတဦးက "စစ်တပ်ခေတ်ဆိုတာ ဒီလိုပဲ လုပ်နေကျပါ။ လူမြင်လူကြားကောင်းအောင် လုပ်တာပါ။ လက်နက်ကိုင်တွေရော၊ လုပ်ငန်းရှင်ရော၊ ကချင်လူကြီးတွေရော အားလုံး လက်ဝါးရိုက်ပြီး လုပ်စားနေကြတာ။ အိုင်တီခေတ်ကြီးမှာ မသိဘူးဆိုတာ ရူးလို့ပြောနေကြတာချည်းပဲ"လို့ မှတ်ချက်ပြု ပြောပါတယ် ။

ဖားကန့်ရတနာနယ်မြေက သက်တမ်းကုန် လုပ်ကွက်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအားလုံးကို စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ က လစဉ်ကြေးကောက်ခံပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဖားကန့်မှာ ညစဉ် စက်ယန္တရားတွေ အမြောက်အမြားနဲ့ တူးဖော်နေတာတွေကို သတင်းပျံ့နှံ့သွားပြီးနောက် တူးဖော်ခွင့် ရပ်နားဖို့ တပ်မ ၃၃ က ညွှန်ကြားခဲ့ပြီး ရက်ပိုင်းအကြား စစ်ဆေးရေးရှိတဲ့အတွက် စက်တွေ ဝှက်ထားဖို့ ထပ်မံ ညွှန်ကြားလာတာလည်း ဖြစ်ပါတယ်။

ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တရားပေါင်း  ရာနဲ့ချီ ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013