ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွထဲကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံလူငယ် တယောက်နဲ့ ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၇ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း(ခူသေစိုး) ဗျူဟာမှူး မင်းထိုက်အောင်၊ ခမရ ၇၅ တပ်ရင်းမှူး အောင်ဇော်မိုးတို့ ဦးဆောင်တဲ့တပ်က မူသယ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။
မူသယ်ကျေးရွာသား တစ်ဦးက“လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တာ။ ညဘက်ဆို ရွာထဲမှာအကုန်ရှိတဲ့ အချိန်ပစ်တာ။ အရပ်သားပြည်သူကို ရန်သူလိုသဘောထားပြီး တမင်ပစ်ခတ်တာ။ ကျနော်တို့ရွာတွေ မကြာခဏစစ်တပ်ရဲ့ နှိပ်စက်တာ ခံရတယ်။ အခုနောက်ပိုင်း ပိုရက်စက်လာတယ်”လို့ ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ စောနေကျယ်(ဖခင်ဖြစ်သူဟာလည်း မြန်မာစစ်တပ်ရဲ့သတ်ဖြတ်ခံခဲ့ရ) အသက် ၂၄ နှစ်မှာ ချက်အောက်ထိမှန်၊ စောလွဲနေမူး အသက် ၁၃ နှစ်မှာ ခြေမထိမှန်ခဲ့သလို စောပွေးပွေးတုပ် အသက် ၁၃ နှစ်မှာ ပေါင်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့တပ်တွေဟာ KNU ထိန်းချုပ်မြေတွေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။