
ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အနှိပ်ခန်းတခုမှာ အသက်မပြည့်သေးတဲ့ သမီးအရင်းဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ဖို့အတွက် လူကုန်ကူးခဲ့တဲ့ မိခင်ဖြစ်သူကို ထိုင်းရာဇဝတ်တရားရုံးက ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်တဲ့အကြောင်း Thai PBS သတင်းမှာ ဇွန် ၃၀ ရက်က ဖော်ပြပါတယ်။
အဆိုပါ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ အသက် ၁၂ နှစ် အရွယ်သာ ရှိသေးတဲ့ သမီးဖြစ်သူနဲ့အတူ ဂျပန်နိုင်ငံထဲကို အပန်းဖြေခရီးစဉ်အသွင်နဲ့ ဝင်ရောက်ခဲ့ပြီးနောက် တိုကျိုမြို့က အနှိပ်ခန်းတခုမှာ သမီးဖြစ်သူကို စွန့်ပစ်ထားခဲ့တာလို့ တရားရုံးက ဆိုပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက အဆိုပါ မိန်းကလေးငယ်ဟာ တိုကျိုဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဗျူရိုဆီ သွားရောက်အကူအညီတောင်းခံခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ မိခင်ဖြစ်သူရဲ့ ထွက်ဆိုချက်တွေမှာ သမီးဖြစ်သူကို အဆိုပါအနှိပ်ခန်းမှာ အလုပ်လုပ်စေဖို့အတွက် အနှိပ်ခန်းပိုင်ရှင်ဟောင်းနဲ့ သဘောတူညီမှု ရယူခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တရားရုံးကတော့ အဆိုပါ မိခင်ဖြစ်သူဟာ အရင်က ပြစ်မှုကျူးလွန်ဖူးတဲ့ရာဇဝင် မရှိပေမဲ့ ပြည်ပနိုင်ငံတွေမှာ အနှိပ်သည်အဖြစ် တခေါက်ကို ၁၄ ရက်ကနေ ၁၉ ရက်လောက်အထိ သွားရောက်လုပ်ကိုင်ဖူးပြီး တခေါက်ကို ဘတ် ၅၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ထိုင်ဝမ်မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှု သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဒီဇင်ဘာလထဲမှာ အမှုရင်ဆိုင်ဖို့အတွက် ထိုင်းနိုင်ငံဆီ ပြန်လည်လွှဲပြောင်း ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။
သမီးဖြစ်သူ မိန်းကလေးငယ်ကတော့ ဂျပန်နိုင်ငံက ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို ထွက်ဆိုရာမှာ သူ့အနေနဲ့ အိမ်ပြန်ချင်ပြီး ကျောင်းတက်ချင်တယ်လို့ ဆိုပါ တယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံဆီ ပြန်လည်ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ ကူညီပံ့ပိုးရေးအဖွဲ့အစည်းတခုရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ အဆိုပါ မိန်းကလေးငယ်ကို အနှိပ်ခန်းမှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေပေးဖို့ အတင်းအကျပ် ခိုင်းစေခဲ့မှု သံသယနဲ့ ဟိုဆိုနို မာဆာယူကီ အမည်ရတဲ့ တိုကျိုမြို့ခံ အမျိုးသားတယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်အခြေစိုက် NHK သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟိုဆိုနိုဟာ အဆိုပါ မိန်းကလေးငယ်ကို ဇွန်လနဲ့ ဇူလိုင်လအတွင်း တလနီးပါး အလုပ်ခိုင်းစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဆိုပါ မိန်းကလေးငယ်ဟာ မကြာသေးမီနှစ်တွေအတွင်း ဂျပန်နိုင်ငံမှာ လူကုန်ကူးခံရသူတွေထဲက အသက်အငယ်ဆုံး သားကောင်တွေထဲမှာ တယောက် အပါအဝင် ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ မိန်းကလေးငယ်ဟာ တလတာအတွင်း ယန်း ၆၀၀,၀၀၀ (ထိုင်းဘတ်ငွေ ၁၂၆,၀၀၀ လောက်) ရရှိခဲ့ပေမဲ့ အဆိုပါငွေကြေးတွေကို သူ့မိခင်နဲ့ ဆက်နွှယ်နေသူတဦးရဲ့ ဘဏ်အကောင့်ထဲ လွှဲပြောင်းပေးခဲ့ရတာလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဘက်က စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဂျပန်စကား မပြောတတ်တဲ့ အဆိုပါ မိန်းကလေးငယ်ဟာ အနှိပ်ခန်းရဲ့ မီးဖိုချောင်ထဲမှာ အတင်းအကျပ် နေထိုင်စေခိုင်းခံခဲ့ရပြီး ဇွန်လနဲ့ ဇူလိုင်လတွေအတွင်းမှာပဲ လာရောက်သူ ဧည့်သည် ၆၀ နီးပါးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
Source: Thai PBS










