DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမည်
DVB
·
December 7, 2021
စစ်ခေါင်းဆောင်ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမည်
Donate to DVB

ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ပြင်ဆင်နေချိန်မှာပဲ ဝန်ကြီးချုပ် ဟွန်ဆန်က လာမယ့်နှစ် အစောပိုင်း ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက  ဒီကနေ့ ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့က ဒေသတွင်း အဓိက ကြိုးပမ်းအားထုတ်ရမယ့် ကိစ္စဖြစ်တာကြောင့် သွားရောက်ဆွေးနွေးဖို့လို့ ဆိုပါတယ်။  ခရီးစဉ်ကို ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ စီစဉ်ထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုလေး ဆိုဖာလက်က ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရ သွားရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့ လက်ထောက်ကို ကိုးကားပြီး   Nikkei Asia ဂျပန်သတင်းမှာ ဖော်ပြပါတယ်။ 

ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာစစ်ကောင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဒီကနေ့ ဖနွမ်ပင်မှာ လူချင်းတွေ့ဆုံမှုအပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘောဒီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အာဆီယံရဲ့စည်းလုံးညီညွတ်မှုတို့အတွက် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဟွန်ဆန်ရဲ့ လက်ထောက်က ပြောကြားခဲ့ပါတယ်။

ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် အထမြောက်ခဲ့ရင်တော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ နိုင်ငံခေါင်းဆောင်  တဦးအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားမှာ နှစ် ၃၀ ကျော်ကြာ အာဏာကိုင်စွဲထားတဲ့ ဟွန်ဆန်ကိုယ်တိုင်ဟာလည်း  ဒီမိုကရေစီကို နှိပ်ကွပ်မှုနဲ့ အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချတာတွေအတွက် အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတာပါ။ 

အစပိုင်းက စစ်အာဏာရှင်တွေကို ဝေဖန်တဲ့မှတ်ချက်တွေ ပေးခဲ့ဖူးတဲ့ ဟွန်ဆန်ဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံလိုတဲ့ စိတ်အားထက်သန်မှုကြောင့် လေသံပြောင်းသွားတာ သိသာတယ်လို့ မီဒီယာတွေက ရေးပါတယ်။ 

ဒီသီတင်းပတ် အစောပိုင်းမှာ ဟွန်ဆန်က မြန်မာနိုင်ငံဟာ အာဆီယံရဲ့မိသားစုဝင်အဖြစ် အစည်းအဝေးတွေ တက်ရောက်ခွင့် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

“ကျနော်က ခေါင်းဆောင်ပိုင်းနဲ့ အလုပ်မလုပ်ရင် ဘယ်သူနဲ့ လုပ်ရမှာလဲ” လို့ ဟွန်ဆန်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ 

ဥရောပသမဂ္ဂနဲ့အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာစစ်အုပ်စုကို  ကုလသမဂ္ဂ အပါအဝင် ဘယ်အစိုးရကမှ တရားဝင် အသိအမှတ်မပြုသေးပါဘူး။ 

နယူးဆောက်သ်ဝေးလ်စ် တက္ကသိုလ်မှ အရှေ့တောင် အာရှဆိုင်ရာကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ ကားလ်သေယရ်ကတော့ ဟွန်ဆန်ဟာ ရိုင်းစိုင်းတဲ့ ကောက်ကျစ်မှုကို ပြသခဲ့ပြီး အာဆီယံ ဥက္ကဋ္ဌအဖြစ် သူ့ရဲ့အခိုက်အတန့်အားဖြင့် လုပ်ပိုင်ခွင့်နေရာကို အခွင့်အရေးယူတာလို့ ဝေဖန်ပါတယ်။ 

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း ဘီလာဟာရီ ကောက်စီကန် ကတော့ အာဆီယံအနေနဲ့ အနှေးနဲ့အမြန်ဆိုသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံရမှာဖြစ်ပြီး အင်္ဂါနေ့အစည်းအဝေးဟာ လိုအပ်တဲ့စတင်မှု ဖြစ်တယ်လို့ ပြောပါတယ်။ 

ဟွန်ဆန်က ၁၉၉၇ အာဏာသိမ်းပြီးနောက် သူ့ကိုယ်ပိုင်အတွေ့အကြုံတွေက မင်းအောင်လှိုင်နဲ့ တခြားစစ်ခေါင်းဆောင်တွေကို  ကြားနာရအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပုံရတယ်လို့လည်း ကောက်စီကန်က Nikkei Asia ကို ပြောပါတယ်။ 

ဟွန်ဆန်ဟာ အာဏာခွဲဝေပေးရေး သဘောတူညီချက်ကနေ အခုပျက်သွားပြီဖြစ်တဲ့ တော်ဝင်ပါတီကို ဖြုတ်ချဖို့ စစ်အင်အားသုံးစွဲခဲ့ပြီးနောက်မှာ ကမ္ဘောဒီးယားကို နိုင်ငံတကာက ဖယ်ကြဉ်ထားခဲ့ပါတယ်။

REF- Nikkei Asia

Photo Credit- Cambodian Prime Minister

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013