
မြိတ်ခရိုင် ရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့ မော်တော်ယာဉ်တွေမှာ အသုံးပြုဖို့အတွက် တနင်္သာရီတိုင်း ပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေတဲ့ ငါးဖမ်းသင်္ဘော (ဝါလတ်လှေ) တွေဆီကနေ စက်သုံးဆီတွေ တောင်းခံမှုပြုလုပ်နေတယ်လို့ ဒေသခံရေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ငါးဖမ်းသင်္ဘောတွေအနေနဲ့ ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်တဲ့အခါမှာ ငါးဖမ်းသင်္ဘောတစ်စီးအတွက် တစ်လကို ဆီပေပါ ၂ လုံးအထိ ပေးနေရတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလုပ်ငန်းရှင်တစ်ဦးက DVB ကိုအတည်ပြုပြောပါတယ်။
အဲဒီလို စက်သုံးဆီ တောင်းခံမှုနဲ့ပတ်သက်လို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့ကို အတည်ပြုဖို့ကြိုးနေဆဲဖြစ်ကာ မြိတ်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အဲဒီလို စက်သုံးဆီ တောင်းခံထားတဲ့ မေတ္တာရပ်ခံစာကိုတော့ အတည်ပြုထားပြီးဖြစ်ပါတယ်။
အကူအညီပေးဖို့ မေတ္တာရပ်ခံစာမှာတော့ မြိတ်ခရိုင်ရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့ မော်တော်ယာဉ်တွေမှာ အသုံးပြုဖို့ ဒီဇယ်ဆီ အနည်းငယ် ကူညီပေးဖို့ဆိုပြီးရေးသားထားပါတယ်။
ရေတပ်အပါအဝင် လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက တနင်္သာရီ ကန်းရိုးတန်းပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေတဲ့ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေဆီကနေ အခုလို စက်သုံးဆီတောင်းခံတာ၊ ငွေကြေးတောင်းခံတာနဲ့ စားနပ်ရိက္ခာတောင်းခံတာတွေ မကြာခဏပြုလုပ်နေတာလို့ ဒေသခံရေလုပ်သား အစုအဖွဲ့တွေက ပြောပါတယ်။
တနင်္သာရီပင်လယ်ပြင်ထဲမှာ ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေပေါင်း ၂ ထောင်ကျော်ရှိတယ်လို့ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနရဲ့စာရင်းဇယားတွေအရ သိရပါတယ်။