Home
မြန်မာသတင်း
ပေါက်မြို့နယ်နှင့် ကန်ပက်လက်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
DVB
·
December 6, 2021
259316103_2719810778320366_3566821164728856051_n

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို PPDF နဲ့ King Fighter ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ပေါက် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ရေပြာရဲစခန်းကနေလာတဲ့ စစ်ကောင်စီတပ်ကို မနေ့ ညနေ ၄ နာရီကျော်လောက်မှာ ညီနောင်မဟာမိတ် ၂ ​ဖွဲ့ ပူးပေါင်းပြီး လမ်းခုလပ်ကနေ ချုံခိုတိုက်ခိုက်ခဲ့တာလို့ PPDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်တေဇက DVB ကို ပြောပါတယ်။

“အင်အား ၁၆ ယောက်လောက်၊ ဆိုင်ကယ် ၁၀ စီးနဲ့ ထွက်လာတာဗျ။ ကျနော်တို့ ပေါက် PDF က တပ်ခွဲမှူး ဗိုလ်နေသွေးဦးဆောင်တဲ့ အဖွဲ့နဲ့ King Fighter ပြောက်ကျားတပ်တို့ပူးပေါင်းပြီးတော့ တူမီးသေနတ်တွေ၊ မိုင်းတွေနဲ့ ၁၅ မိနစ်ကြာ ချုံခို တိုက်ခိုက်ခဲ့တာ။” 

ဒါ့အပြင် ထန်းတောဦး ကျေးရွာ စာသင်ကျောင်းကို မီးရှို့ဖို့လာတဲ့ ဒလန်တစ်ယောက်ကိုလည်း PPDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တပ်ခွဲမှူး ဗိုလ်နေသွေးက ပြောပါတယ်။

“သူက ရန်ကုန် မြောက်ဥက္ကလာ ဇာတိဖြစ်ပြီးတော့ ကျနော်တို့ဆီက ထန်တောဦးရွာသူနဲ့ အိမ်ထောင်ကျနေတာ။ စာသင်ကျောင်းကို မီးရှို့ဖို့ လုပ်နေတုန်း ကျနော်တို့တပ်ဖွဲ့နဲ့တွေ့ပြီး ထွက်ပြေးတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတာ။”

ချင်းပြည်နယ် ကန်ပက်လက်မြို့ထဲမှာ မနေ့ညနေ ၃ နာရီလောက်က CDF ကန်ပက်လက်နဲ့ စစ်ကောင်စီတပ်တွေ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ပေမယ့် ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပေါက်မြို့နယ်နဲ့ ကန်ပက်လက်တိုက်ပွဲတွေဟာ ရန်ကုန် ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့တိုက် သေနတ်နဲ့ ပစ်ပြီး ဖြိုခွင်းခဲ့တာကြောင့် ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အတွက် ပြန်ပြီး လက်တုံ့ပြန်တာလို့ အသီးသီးထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024