Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၂၄,၄၀၀ ကျော်လာ၊ အိုမီခရွန် ကူးစက်ခံရသူ မရှိသေး
DVB
·
December 6, 2021

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၅ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၂၄,၄၀၇ ယောက် ကျော်လာခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ  ၁၅,၅၅၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၂၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၈ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့  ၅၀၄  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၆ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၁၄၁  ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၂.၃ သန်း (၁၂,၃၀၅,၆၃၁) ဦးနဲ့  ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅.၃ သန်း (၅,၃၀၅,၃၂၈) ဦးရှိပြီဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၂၂.၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုး နှံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတဲ့ ၄၄ နိုင်ငံမှာ ပျံ့နှံ့ကူးစက်နေပြီး အာဖရိကနိုင်ငံတွေ၊ ဉရောပနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား စတဲ့နိုင်ငံတွေ ကူးစက်ခံနေရပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024