DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အနှံ့ စက်ဘီးဖြင့် အိပ်ခ်ျအိုင်ဗွီပညာပေးသူ ရှမ်းပြည်ရောက်ရှိ
DVB
·
January 17, 2014
မြန်မာပြည်အနှံ့ စက်ဘီးဖြင့် အိပ်ခ်ျအိုင်ဗွီပညာပေးသူ ရှမ်းပြည်ရောက်ရှိ
Donate to DVB

မြန်မာပြည်အနှံ့ စက်ဘီးစီးပြီး အိပ်ခ်ျအိုင်ဗွီ ခုခံအားကျဆင်းရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ၊ အားပေးနှစ်သိမ့်မှုတွေ လိုက်လံ ဆောင်ရွက်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် မောင်စရကိုဟာ ရှမ်းပြည်တောင်ပိုင်းဘက်ကို ရောက်ရှိနေပါတယ်။

မိမိကိုယ်တိုင်က အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ဝေဒနာရှင် ဖြစ်ပေမယ့်လည်း စိတ်ဓာတ် ကျဆင်းတာနဲ့ အားငယ်တာတွေ မရှိဘဲ စက်ဘီး ၁ စီးနဲ့ ခရီးနှင်ပြီး ပရဟိတ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေသူ မောင်စရကိုဟာ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိလာပါတယ်။

CFHIVဒီမတိုင်ခင်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်း၊ ပင်းတယနဲ့ ရပ်စောက် စတဲ့ ဒေသတွေကို ရောက်ရှိခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကက္ကူမွေတော်၊ ဘန်းယဉ်၊ ဟိုပုန်းနဲ့ ဇန်န၀ါရီ ၁၇ ရက် ဒီနေ့မှာတော့ ပင်လုံမြို့ကို ဦးတည်စီးနင်းနေပါတယ်။

ဝေဒနာရှင်တယောက်အနေနဲ့ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ခရီးရှည်ကြီးကို စက်ဘီးစီးပြီး ထွက်ခွာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မောင်စရကိုက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“သေဆုံးမှုတွေ၊ ကူးစက်မှုတွေ လျော့ကျဖို့ ရည်ရွယ်ချက်။ အဲလိုလျော့ကျဖို့ ကျနော်တို့ လူထုတွေ လွဲမှားနေတဲ့ အသိလေးတွေကို ဆင်ခြင်မှ ရမှာဖြစ်တဲ့အတွက် ကျနော်လေ့လာထားတာတွေ၊ ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ ဝေမျှတဲ့ စကားဝိုင်းလေးတွေ လုပ်ဖို့ပါ။ စက်ဘီးနဲ့ မြန်မာတနိုင်ငံလုံးကို ပတ်ဖို့ စီစဉ်လိုက်တာပါ။ ကျနော်လည်း အိပ်ခ်ျအိုင်ဗွီ တယောက်ပဲ။ အိပ်ခ်ျအိုင်ဗွီ ခံစားနေရပြီး သေဆုံးသူတွေထဲမှာ ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့ အသိတခုလည်းပါတယ်။ အဲဒါတွေကို တမြို့ကနေတမြို့ကို စက်ဘီးစီးရင် ဒီဟာကို လုပ်လို့ရတယ်၊ အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့ကို ကျနော်က အပြောတွေထက် လက်တွေ့လုပ်ပြတာပါ။”

ရောက်ရှိရာဒေသက ပညာပေး ဆွေးနွေးမှုတွေမှာ အဓိကအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နည်းနဲ့ မကူးစက်နည်း၊ ဝေဒနာရှင်တွေအနေနဲ့ သက်တမ်းစေ့ နေနိုင်ရေး၊ အလုပ်လုပ်နိုင်ခြင်းနဲ့ မလုပ်နိုင်ခြင်း၊ ဆေးရရှိမှုနဲ့ မရရှိမှု အခြေအနေ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဖြတ်သန်းခြင်း စတဲ့အကြောင်းတွေကို သူရဲ့ အတွေ့အကြုံ၊ ဥပမာတွေ၊ စကားဝိုင်းတွေနဲ့ ဟောပြော ဖလှယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီ ခရီးစဉ်မှာ ဆေးကုသဖို့ အခက်အခဲ ရှိတဲ့သူတွေအတွက် ဆေးရရှိနိုင်မယ့်နေရာနဲ့ အကူအညီ ပေးနိုင်မယ့် အဖွဲ့အစည်းတွေကိုလည်း မိတ်ဆက် ရည်ညွန်းပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

လက်ရှိ သူဝေဒနာအတွက် အေအာရ်ဗွီနဲ့ အားဆေးတွေကိုတော့ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ လူမှုကူညီရေးအဖွဲ့က ပံ့ပိုးပေးနေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကတော့ သူစီးနေတဲ့ စက်ဘီးနဲ့ ခရီးစဉ်က ပြည်သူတွေနဲ့ တွေ့ရှိဖို့ အနယ်နယ်အရပ်ရပ်က လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး ပထမဆုံး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကို ရောက်ခဲ့ကြောင်း၊ အဲဒီကနေတဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ပျဉ်းမနားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းစတဲ့ဒေသက နေရာပေါင်း ၄၀ ကျော်ကို ရောက်ရှိခဲ့တာမှာ ပညာပေး ဆွေးနွေးပွဲ လာရောက်သူ ပြည်သူ ၅ ထောင်ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ မောင်စရကိုက ပြောပါတယ်။

စက်ဘီးနင်း ခရီးစဉ်ကို ၁ နှစ် လျာထားပြီး ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်နဲ့ ရခိုင်စတဲ့ ပြည်နယ်တွေပါ စုစုပေါင်း ၂၅၈ နေရာအထိ သွားရောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

သာမန်လူတယောက်တောင်မှ ဆောင်ရွက်ဖို့ ခက်ခဲတဲ့အလုပ်ကို သူလို ဝေဒနာရှင် တယောက်က စိတ်အားထက်သန်စွာ ဆောင်ရွက်နေတဲ့အတွက် သူရဲ့ ပရဟိတလုပ်ငန်းအပေါ် ၀ိုင်းဝန်း ကူညီပေးဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အခုလို တိုက်တွန်းလိုက်ပါတယ်။

“သာမန်သူတယောက်တောင် ဒီလို မြန်မာပြည်တ၀န်း စက်ဘီးစီးဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒီဟာကို သူ့စိတ်ဓာတ်အင်အား မြှင့်တင်ပေးဖို့၊ ကြိုဆိုရေးလေးတွေ အားတက်သရော လုပ်ပေးကြပါလို့ ပြည်နယ်အသီးသီးမှာရှိတဲ့ ပရဟိတ အသင်းတွေနဲ့ ပြည်သူပြည်သားအားလုံးကို တိုက်တွန်းလိုပါတယ်။ သူ့ကျန်းမာရေး ၀န်ဆောင်မှုကိုလည်း စောင့်ရှောက်ပေးကြဖို့ အဲဒါလေးပါပဲ။”

အသက် ၃၅ နှစ် အရွယ် မောင်စရကိုရဲ့ အမည်ရင်း နိုင်အောင်ကျော်ထွန်းဟာ မန္တလေးမြို့က ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး သူမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံကျောင်း ပြီးခဲ့ပြီး လက်ရှိ မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်မှာ ပထ၀ီအထူးပြုဘာသာရပ်နဲ့ နောက်ဆုံးနှစ် အဝေးသင် တက်ရောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အိပ်ခ်ျအိုင်ဗွိပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်း လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013