DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားသို့လာရောက်ရန် ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားဟု ဝန်ကြီးချုပ်ဟွန်ဆန်ပြော
DVB
·
December 2, 2021
ကမ္ဘောဒီးယားသို့လာရောက်ရန် ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားဟု ဝန်ကြီးချုပ်ဟွန်ဆန်ပြော
Donate to DVB

ကမ္ဘောဒီးယားအစိုးရဟာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်အပတ်မှာ ကမ္ဘောဒီးယားနိုင်ငံကိုလာရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

ခုလိုဖိတ်ကြားမှုကို ဒီဇင်ဘာ ၂ ရက် ဒီကနေ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခမ်းအနားတခုမှာ ဝန်ကြီးချုပ်ဟွန်ဆန်က  မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းခံလိုက်ရပြီးတဲ့ မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာ မတည်ငြိမ်မှုတွေမှာ တိုးတက်မှု ရရှိစေရေး ကြိုးပမ်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမယ့် ကမ္ဘောဒီးယားဟာ လူချင်းတွေ့ဆုံဆွေးနွေးမယ့် သံတမန်ဆက်ဆံရေးကို  တိုးမြှင့်လုပ်ဆောင်နေပုံရတယ်လို့  ဘန်ကောက်ပို့စ်မှာ ရေးပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကမ္ဘောဒီးယားခရီးစဉ်ကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ မျှော်မှန်းထားပေမယ့်လည်း ခရီးသွားလာမှု ကန့်သတ်ချက်တွေ ခပ်မြန်မြန်ရှိလာစေတဲ့ ပျံ့နှံ့မြန် Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲအတွက် စိုးရိမ်မှုတွေ တိုးလာတာကြောင့်  ဒီခရီးစဉ် ထိခိုက် ကောင်း ထိခိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ သက်ဆိုင်တဲ့ဘက်ပေါင်းစုံကြား စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်တာ အပါအဝင် အချက်ငါးချက်ပါ ဘုံသဘောတူညီမှုကို ဧပြီလက ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များ အထူးထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့တာပါ။

ဩဂုတ်လက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး ဧရာဝဏ်ယူဆော့ဖ်ကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံကို စေလွှတ်ဖို့ အာဆီယံက ကြိုးစားခဲ့ပေမဲ့   သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်က အထမမြောက်ခဲ့ပါဘူး။

အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်က ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို  အာဆီယံက ဖိတ်ကြားခြင်း မပြုခဲ့ပါဘူး။ 

အခု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကျတဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့  လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်သစ် တယောက် ထပ်ပြီးခန့်အပ်ဖွယ်ရှိတယ်လို့  ဟွန်ဆန်အစိုးရက ပြောထားပါတယ်။

Photo Credit-Hun Sen   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013