DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဇန်နဝါရီ ၂၁ စဖမ်းမည်
DVB
·
January 17, 2014
မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဇန်နဝါရီ ၂၁ စဖမ်းမည်
Donate to DVB

မလေးရှားနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအာဏာပိုင်များ ပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့တွေက ဇန်န၀ါရီ ၂၁ နေ့ စတင်ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး 6P အစီအစဉ်လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် အခု ဒီစီမံချက်ကို စတင်လုပ်ဆောင်တာလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“သူတို့ ပထမဆုံး 6P အစီအစဉ်နဲ့ တရားမ၀င်အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီးပြီ။ အဲဒီတုန်းက စာအုပ်မလုပ်လိုက်ရတဲ့ ကျန်တဲ့သူတွေကိုလည်း ၂၀၁၃ အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၁၄ ဇန်န၀ါရီ ၂၀ အထိ ၃ လ အထူးအစီအစဉ်ဆိုပြီး လုပ်ပေးထားတယ်။ အခု အထူးအစီအစဉ် ပြီးနောက် ဇန်န၀ါရီ ၂၁ ရက်ကနေစပြီး အဖမ်းအဆီးစလုပ်တော့မယ်ဆို့ သံရုံးကို အကြောင်းကြားထားတယ်။ အလုပ်သမားတွေ သိအောင် သံရုံးမှာ ကြေညာဆိုင်းဘုတ်တွေ ကတ်ထားပါတယ်။”

ဒီ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီမှုမခံရရေးအတွက် နိုင်ငံခြားသားအလုပ်သမားများကို မိမိတို့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ထွက်ခွင့်ပြုဖို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနမှာ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ်နဲ့ နိုင်ငံကူး လက်မှတ် ဒါမှမဟုတ် နိုင်ငံသားဖြစ်တဲ့ အထောက်အထား လက်မှတ် လိုအပ်မှာဖြစ်ပါတယ်။

မိမိတို့ သဘောဆန္ဒအရ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားတာ ဖြစ်တဲ့အတွက် သတ်မှတ်ဒဏ်ကြေးကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှာ မဟုတ်ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာသံရုံးအပါအ၀င် နိုင်ငံခြားသံရုံးတွေကို အသိပေး အကြောင်းကြားထားပါတယ်။

မလေးရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မလေးရှားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သင့်တယ်လို့ မြန်မာသံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“သူ့နိုင်ငံဥပဒေအရ ကြေညာထားရင် ကြေညာထားတဲ့အတိုင်း ကိုယ့်နိုင်ငံသား အလုပ်သမားတွေက လိုက်နာကြဖို့ လိုတာပေါ့။ ဒီဘက်နိုင်ငံကိုလာပြီး ဒီဘက်နိုင်ငံရဲ့ ဥပဒေကို မလိုက်နာလို့တော့ မဖြစ်ဘူးလေ။ သူ့နိုင်ငံရဲ့ ဥပဒေအရတော့ စစ်ဆေးမှာပဲလေ။ တကယ် တရားမ၀င်နေထိုင်တာ တွေ့ရင်တော့ ဖမ်းမှာပဲ။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အနည်းဆုံး ၃ လလောက်တော့ ထောင်ကျတာတွေ့ရတယ်။”

မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာပြည်သားများအနေနဲ့ မိမိတို့ သဘောဆန္ဒအရ မြန်မာပြည် ပြန်လည်ထွက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားဖြစ်တဲ့ အထောက်အထားလက်မှတ်တွေကို လာရောက် ထုတ်ယူနိုင်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့မှာ မြန်မာပြည်သား အလုပ်သမားတွေရဲ့ သာရေးနာရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းဝင် ဦးပုညကတော့ နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးသက်သာပြီး တရားဝင်နေထိုင်ခွင့်ရနိုင်တဲ့ အလုပ်သမားလက်မှတ်မျိုး လုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးလည်းသက်သာတယ်၊ တရားဝင်လည်း တရားဝင်နေထိုင်ခွင့် ရနိုင်တဲ့ ထိုင်းနိုင်ငံမှာ လုပ်ပေးတဲ့ ပုံစံမျိုး မလေးရှားမှာ လုပ်ပေးစေချင်တာ။ ထိုင်းနိုင်ငံမှာ အများစုက သူတို့နိုင်ငံရဲ့ ငွေကြေးနဲ့ လူတိုင်းလုပ်နိုင်တယ်။ ပတ်စ်ပို့လည်းလုပ်နိုင်တယ်။ နေထိုင်ခွင့် အလုပ်လုပ်ခွင့်လက်မှတ်လည်း လုပ်နိုင်တယ်။ ကျနော်တို့ မလေးရှားမှာလည်း အဲဒီလို ဖြစ်စေချင်တယ်။ အခုဟာက သံရုံးကိုသွားလို့လည်း သံရုံးအနေနဲ့ အပြည့်အ၀ သူတို့တို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ဆိုလိုချင်တာက လူတိုင်းကို သံရုံးက welcome လုပ်ပေးဖို့ဆိုတာကလည်း လူတွေက အများကြီး မလေးရှားမှာ သိန်းနဲ့ ချီပြီး လာတဲ့လူတွေဖြစ်တဲ့အတွက် သံရုံးအနေနဲ့ လုပ်ပေးနိုင်ဖို့က အင်မတန်မှ အင်အားနည်းတယ်။ တခြားတခါ ကျန်တဲ့သူတွေ ပေးလို့ရှိရင်လည်း ပွဲစားတွေနဲ့ ညားဦးမယ်။”

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ဦးပုညက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013