
နိုဝင်ဘာ ၃၀ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့သုံးဦးကို အာဏာလုစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားမှုအတွက် အမိန့်ချမှတ်ဖို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ ချိန်းဆိုထားတာဖြစ်ပေမဲ့ တရားသူကြီးက လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တဲ့သတင်းတွေ ဖတ်လိုက်ရပါတယ်။
ပုဒ်မ ၅၀၅ (ခ) ဆိုတာက နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူထုကိုသော်လည်းကောင်း ထိတ်လန့်ခြင်းတခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိတယ်ဆိုရင် စွဲဆိုရတဲ့အမှုပါ။
အမိန့်ချဖို့ ရွှေ့ဆိုင်းလိုက်တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ နောက်ထပ်ပုဒ်မတခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုကိုလည်း အမိန့်ချဖို့ရှိနေပါတယ်။
အရှက်မရှိ သိက္ခာမရှိတဲ့ စစ်အာဏာလုဂိုဏ်းဟာ ကလိမ်ဉာဏ်ဆင်လို့ သူခိုးကလူဟစ်သလို မတရားအမှုဆင် ပုဒ်မ ၁၂ မျိုးထိ တပ်ပြီး တဖက်သတ်တရားစွဲဆိုခဲ့ကြတာကို ပြည်သူလူထုက သိကြပေမဲ့ သူတို့ချစ်ခင်မြတ်နိုးလေးစားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကို အချုပ်အနှောင်က လွတ်မြောက်စေချင်ကြတော့ တရားကိုနတ်စောင့်ပါစေ၊ အမှန်တရားကို လောကပါလနတ်မင်းကြီးမျး၊ သာသနာစောင့်နတ်မင်းကြီးများ။ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ ကြည့်ရှုစောင့်ရှောက်ကြပါစေလို့ အမျိုးမျိုးဆုတောင်းကြတဲ့ မှတ်ချက်တွေလည်း ဖတ်ရပါတယ်။
လက်နက်အင်အားသာလွန်တာကြောင့် အကြမ်းဖက်ဗိုလ်ကျနေတဲ့ဖက်ဆစ်စစ်တပ်ကို တားဆီးဖို့ အားကိုးရာမဲ့ မြန်မာပြည်သူတွေဟာ အာဏာသိမ်းစမှာ နိုင်ငံတကာအသိုင်းအဝိုင်းတွေ၊ ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးတပ်တွေက R2P ( Responsibility to protect) နဲ့ဝင်လာပြီး ကူညီပါစေလို့လည်း ဆုတောင်းခဲ့ကြ၊ အားကိုးမျှော်လင့်ခဲ့ကြပါတယ်။
တိုင်းပြည်နဲ့ မိမိချစ်ခင်သူအတွက် ပူပန်နေကြတာမို့၊ တရားမျှတစေချင်ကြတာ၊ မိမိဖြစ်စေချင်တာကို ဆုတောင်းကြတာဟာကောင်းပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကနေ နှလုံးစိတ်ဝမ်း မချမ်းမြေ့ကြရတဲ့ အများပြည်သူတွေကိုရဲ့ ပူပင်မှုတွေ လျှော့ကျစေရုံသာမက မတရားမှု ပြုနေတဲ့ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းကို ခိုင်မာတဲ့အောက်ပါသတင်းစကားကို မက်ဆေ့ခ်ျပေးရင်း ကျုးလွန်သမျှမကောင်းမှုအားလုံးအတွက် ပြန်ပေးဆပ်ဖို့ပြင်ဆင်ထားပါလို့ သတိပေးချင်ပါတယ်။
အဲ့ဒါကတော့ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကို နှစ် ၁၀၀ ပြစ်ဒဏ်အမိန့်ချချ၊ နှစ် ၁၀၀၀ ပြစ်ဒဏ်ပဲချချ စစ်အာဏာရှင်ချုပ်ငြိမ်းအဆုံးသတ်နိဂုံးနဲ့ နွေဦးတော်လှန်ရေးအောင်ပွဲဟာ မကြာခင်မှာမုချရောက်လာတော့မယ်ဆိုတာပါပဲ။
ဘာကြောင့်ဒီစကားကို ခိုင်ခိုင်မာမာပြောရတာလဲဆိုတော့ အာဏာလုတဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက သိတတ်နားလည်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးဟာ မဟာဇနက္ကမင်းသားတွေ ဖြစ်ကုန်ကြလို့ပါပဲ။
လက်နက်အားကိုးအကြမ်းဖက်တဲ့ စစ်မိစ္ဆာဘီလူးတွေ နိုင်ငံ့အချုပ်အခြာအာဏာ ကိုလုယူလိုက်ကတည်းက စစ်ဖိနပ်အောက်ကမြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုမရှိ သက်ဘဝ မလုံခြုံတော့တဲ့ သင်္ဘောပျက်ကြီးလို ဖြစ်သွားတာမို့ ဒီမိုကရေစီကမ်းကိုရောက်ရှိဖို့ ပြည်သူ့တော်လှန်ရေးပင်လယ်ထဲကို စိတ်ဒုံးဒုံးချပြီး ခုန်ချကူးခတ်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓဝင်ဇာတ်တော်လာ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားအလောင်းတော် မဟာဇနက္ကဇာတ်တော်အကြောင်း နည်းနည်းရေးပြချင်ပါတယ်။ မိထ္ထီလာပြည်အသွား ပင်လယ်ထဲမှာ သင်္ဘောပျက်တော့ ကြောက်မက်ဖွယ်ရာ ငါး၊ လိပ်ကျောက်၊ ငါးမန်းတွေပေါများပြီး အလွန်အပြောကျယ်လှတဲ့ သမုဒ္ဒရာပင်လယ်ကြီးထဲ မဟာဇနက္ကမင်းသား ခုန်ချကူးခတ်ခဲ့တာ မေခလာနတ်သမီး လာကယ်မယ်ဆိုတာ ကြိုသိလို့ မဟုတ်ပါဘူး။
သင်္ဘောပျက်ပေါ်က ခုန်ချတဲ့အခါမှာလည်း သွေးရူးသွေးတမ်းမဆင်မခြင်ခုန်ချခဲ့တာမဟုတ်ဖူး။ အသိပညာဉာဏ်ဦးစီးပြီး ဆင်ခြင်တွေးတောပြင်ဆင်ခဲ့ပါတယ်။ အတိုင်းအရှည်မသိကူးခတ်ရမယ့် ပင်လယ်ခရီးရှည်အတွက် ဒဏ်ခံနိုင်အောင် တင်လဲထောပတ်တွေစားနိုင်သလောက်စား၊ ပင်လယ်ဆားငန်ရေ ဒဏ်ခံနိုင်အောင် ကိုယ်မှာလိမ်းကျံပြီး သင်္ဘောမြုပ်လို့ ရေအောက်ထဲ ဆွဲချမခံရအောင်နဲ့ တခြားသင်္ဘောသားတွေကို ကိုက်ခဲစားသောက်နေကြတဲ့ ငါးလိပ်ငမန်းတွေက လွတ်အောင် ရွက်တိုင်ထိပ်ဖျားအထိတက်ပြီး ဝေးရာလွတ်ရာခုန်ချပြီးမှ ကူးခတ်ခဲ့တာ။
ဇနက္ကမင်းသားဟာ ဉာဏ်ပညာဦးစီးလို့ မဟာပုရိဿယောကျ်ားမြတ်တို့ရဲ့ဇွဲလုံ့လဝီရိယအတိုင်း သေခါမှသေ ဘယ်သောအခါမှ မဆုတ်နှစ် မလျှော့ပါးဘဲ ကြိုးစားအားထုတ်ကူးခတ်ခဲ့တာမို့ ငါးလိပ်ငမန်းတို့ဘေးက လွတ်မြောက်နိုင်ခဲ့သလို လူသာမန်မတွေ့ဖူးတဲ့ ပင်လယ်ကိုစောင့်ကြပ်တဲ့ မေခလာနတ်သမီးနဲ့တွေ့ခွင့်ရတဲ့အကျိုးဟာ သူကိုယ်တိုင်က လုံ့လဝီရိယစိုက်ပြီး အလုပ် ၃ ပါးကံကို ပြုခဲ့အားထုတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ထို့အတူပါဘဲ ဒီကနေ့မျက်မှောက်ကာလမှာ သိတတ်နားလည်ကြတဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဖိနပ်အောက်ကမနေအပ်တော့တဲ့ လူ့ပတ်ဝန်းကျင် သင်္ဘောပျက်ကိုစွန့်ခွာ၊ အခြေကျနေတဲ့ဘဝတွေကိုစွန့်ခွာလို့ နွေဦးတော်လှန်ရေးပင်လယ်ပြင်ထဲခုန်ချကူးခတ်နေကြတဲ့ မဟာဇနက္ကမင်းသားတွေပါပဲ။
ကမ်းကုန်အောင်ယုတ်မာရက်စက်လွန်းတဲ့ ဖက်စစ် စစ်ဏာရှင်စနစ်ကိုအပြီးတိုင်ဖျက်သိမ်းဖို့ မြန်မာနိုင်ငံတဝန်းလုံးက ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးအတွက် မိမိနိုင်ရာ တနိုင်တပိုင်လုပ်နိုင်တဲ့အလုပ်မှန်သမျှကို လုံ့လဝီရိယစိုက်ပြီး အလုပ် ၃ ပါးကံကိုပြုခဲ့ကြပါတယ်။
လူတွေရဲ့စိတ်ကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ သဘာဝတရား ၄ ပါး တနည်းပြောရရင် အောင်မြင်ခြင်းကို ပေးစွမ်းနိုင်တဲ့ အဓိပတိတရား ၄ ပါးရှိပါတယ်။
၁။ ဆန္ဒာဓိပတိ- အလိုဆန္ဒ အကြီးအမှူး။
၂။ ဝီရိယာဓိပတိ - ဝီရိယ အကြီးအမှူး။
၃။ စိတ္တာဓိပတိ - စိတ်အကြီးအမှူး။
၄။ ဝီမံသာဓိပတိ - ပညာ အကြီးအမှူး တို့ဖြစ်ကြပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ ဖက်ဆစ်စစ်အာဏာရှင်လက်အောက်က အမြန်ဆုံးလွတ်မြောက်ချင်ကြတာ သိတတ်နားလည်တဲ့ မတရားမှုကို လက်မခံတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့ အပြင်းပြဆုံးဆန္ဒဖြစ်တယ်။
ဝီရိယအကြီးအမှူးအဖြစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့ထိ မပျက်မကွက်လမ်းမတွေထက် ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ တောရောမြို့ပါမကျန်ဖြစ်ပေါ်နေသလို စစ်ဖိနပ်အောက် အလုပ်မဆင်းလိုတဲ့ ဝန်ထမ်းအာဏာဖီဆန်မှု CDM ကလည်း ၁၀ လ ကျော်လာပေမဲ့ အားကောင်းနေပါတယ်။
ကျန်တဲ့ စိတ္တာအဓိပတိ (စိတ်အကြီးအမှူး) ဝီမံသာဓိပတိ - (ပညာအကြီးအမှူး)ဖြစ်နေတာကလည်း ပြည်သူလူထုရဲ့ စစ်အာဏာလုဓားပြကောင်စီအပေါ် စဉ်ဆက်မပြတ် အသိဉာဏ်ဦးစီးတဲ့တုံ့ပြန်မှုတွေက ညွှန်ပြနေပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဖျက်သိမ်းပစ်ဖို့ ကိုယ်တိုင်က မလျှော့သောဇွဲလုံ့လ ဝီရိယစိုက်ထုတ်ကြိုးစားတဲ့အခါ သမ္မာဒေဝနတ်ကောင်းတွေ၊ မေခလာနတ်သမီးက မနေသာဘဲ ဇနက္ကမင်းသားကိုကယ်တင်ရသလို ကျွဲကူးရေပါဆိုသလို နိုင်ငံတကာအကူအညီတွေ၊ စာနာနားလည် အသိအမှတ်ပြုမှုတွေ တိုးရလာနေပြီမဟုတ်ပါလား။
ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ရာစုနှစ်ဝက်ကျော်အောင် လက်နက်အားကိုးနဲ့ ကြမ်းကြုတ်ရက်စက်စွာ မင်းမူခဲ့တာကို ဖယ်ရှားပစ်ဖို့ မလျှော့တဲ့ ဇွဲလုံ့လဝီရိယနဲ့ အသိဉာဏ်ဦးစီးပြီး ဆန့်ကျင်တော်လှန်နေကြတဲ့ သိတတ်နားလည်ကြတဲ့ မြန်မာပြည်သူတိုင်းဟာ မဟာဇနက္ကမင်းသားတွေချည်းပါပဲ။
ပြည်သူနဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိကြတဲ့ CDM ဝန်ထမ်းစစ်တွေ၊ General Strike ဆန္ဒပြပြည်သူတွေ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်အားလုံး၊ EAOs တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ CRPH နဲ့ NUG အစိုးရအပါအဝင် တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်သလောက် အလှူငွေထည့်ဝင်ကူညီကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ၊ အွန်လိုင်းကီးဘုတ်ဖိုက်တာတွေ၊ ပရဟိတသူရဲကောင်းတွေ၊ တိုင်းရင်းသားတွေ၊ လူထုသံဃာ သမဂ္ဂတွေ၊ ဒီမိုကရေစီလိုလားကြတဲ့ကျောင်းသားကျောင်းသူတွေ၊ ဈေးသမားတွေ၊ ခေါင်းရွက်ဗျပ်ထိုး ပျံကျအလုပ်သမားတွေအားလုံးဟာ စစ်အာဏာရှင်စနစ်ကို မကြောက်မရွှံ့ ဒူးမထောက်စတမ်း ဇွဲနဘဲနဲ့ဆန့်ကျင်တော်လှန်ရာမှာ ပင်လယ်ပြင်ကို လက်ပစ်ကူးရဲတဲ့ မဟာဇနက္ကမင်းသားနဲ့ ဆင်တူတာမို့ မြန်မာ့နွေဦးတော်လှန်ရေးဟာအောင်ပွဲရဖို့ ၁၀၀ ရာခိုင်နှုန်းသေခြာသလို ပန်းတိုင်ကိုဝင်ဖို့ တနေ့ထက်တနေ့ နီးသထက်နီးကပ်လာပြီဖြစ်ပါတယ်။
ဒါကြောင့်မို့လို့လည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အောက်ပါမှတ်သားဖွယ်စကား ကိုဆိုခဲ့တာဖြစ်ပါတယ်။
"ကျွန်မကို ခေါင်းဆောင်တယောက်က ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အတွက် မေခလာပဲတဲ့။ ကျွန်မ မေခလာမဟုတ်ပါဘူး။ ဇနက္ကပါပဲ။ ကျွန်မတို့အားလုံးကူးခပ်ကြရမှာပါ။"
သူပြောတဲ့အတိုင်းအခုလည်း မြန်မာပြည်သူ ဇနက္ကမင်းသားတွေ ကူးခတ်နေကြတာ ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရစီကမ်းကို ဆိုက်ခါနီး နေပြီမဟုတ်ပါလား။
မင်းကောင်းချစ်