DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုကိုယ်စားလှယ်ကို ကုလသံအမတ်အဖြစ် ခန့်အပ်ဖွယ်မရှိဟု သံတမန်များပြော
DVB
·
December 1, 2021
မြန်မာစစ်အုပ်စုကိုယ်စားလှယ်ကို ကုလသံအမတ်အဖြစ် ခန့်အပ်ဖွယ်မရှိဟု သံတမန်များပြော
1 / 2
Donate to DVB

ဒီဇင်ဘာလ ၁ ရက်နေ့ (မြန်မာအချိန်မနက်ဖြန်) ပြုလုပ်မယ့် ကုလသမဂ္ဂ ကော်မတီအစည်းအဝေးမှာ အာဖဂန်နစ္စတန်ရဲ့တာလီဘန်အဖွဲ့နဲ့ အာဏာသိမ်းမြန်မာစစ်အုပ်စုကို သူတို့နိုင်ငံ ကိုယ်စားပြုဖို့  အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကမ္ဘာ့အဖွဲ့အစည်းက ခွင့်ပြုနိုင်ဖွယ်မရှိဘူးလို့ သံတမန်တွေက ပြောပါတယ်။ 

တာလီဘန်နဲ့ မြန်မာစစ်အုပ်စုတို့ဟာ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေ ခန့်အပ်ထားတဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံတမန်ကြီးတွေကိုကန့်ကွက်ပြီး သူတို့ရဲ့ကိုယ်စားလှယ်ကို ခန့်အပ်ဖို့ အတွက် အပြိုင်တောင်းဆိုထားကြတာဖြစ်ပါတယ်။ 

တာလီဘန်နဲ့ အာဏာသိမ်းမြန်မာစစ်အုပ်စုကို ကုလသမဂ္ဂက လက်ခံလိုက်မယ်ဆိုရင် သူတို့ ၂ ဖွဲ့လုံးက တောင်းဆိုနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။ 

ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ ပါဝင်တဲ့ အဖွဲ့ဝင် ၉ နိုင်ငံပါ  ကုလသမဂ္ဂ အထောက်အထား စိစစ်ရေးကော်မီတီဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လက်ရှိ အစည်းအဝေးအတွက် အဖွဲ့ဝင် ၁၉၃ ဦးစလုံးရဲ့ အထောက်အထားတွေကို ထည့်သွင်းစဉ်းစားဖို့ ကုလသမဂ္ဂဌာနချုပ်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကော်မတီဟာ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိပြီး နှစ်နိုင်ငံလုံးအတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းကိုယ်စားလှယ် သံတမန်တွေဟာ  သူတို့နေရာမှာပဲ ဆက်လက် ကျန်ရှိနေနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဘဟားမား၊ ဘူတန်၊ ချီလီ၊ နမီးဘီးယား၊ ဆီရာလီယွန်နဲ့ ဆွီဒင်တို့လည်း ပါဝင်တဲ့ စိစစ်ရွေးချယ်ရေး ကော်မတီဟာ အဖွဲ့ဝင်အားလုံးရဲ့ အထောက်အထားများဆိုင်ရာ အစီရင်ခံစာကို အခုနှစ်မကုန်မီ ကုလသမဂ္ဂ အထွေထွေညီလာခံကို အတည်ပြုဖို့ ပေးပို့မှာဖြစ်ပါတယ်။ 

ကော်မတီနဲ့ အထွေထွေညီလာခံ နှစ်ခုစလုံးဟာ အစဉ်အလာအားဖြင့် အများဆန္ဒအရ ဆုံးဖြတ်ချက်တွေ ချမှတ်တာဖြစ်တယ်လို့ သံတမန်တွေက ပြောပါတယ်။ 

နိုင်ငံတကာအသိအမှတ်ပြု အာဖဂန်နစ္စတန်အစိုးရဆီကနေ သြဂုတ်လလယ်မှာ အာဏာသိမ်းခဲ့တဲ့ တာလီဘန်အဖွဲ့ဟာ သူ့ရဲ့ ဒိုဟာအခြေစိုက် ပြောရေးဆိုခွင့်ရှိသူ ဆူဟေလ်ရှာဟန်းကို အာဖဂန်ဆိုင်ရာ ကုလသံအမတ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖြုတ်ချခံအာဖဂန်အစိုးရက  ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဂူလမ်အိုင်ဆက်ဇိုင်းကို အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန်အဖြစ် ထားရှိမြဲ ထားရှိထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက အာဏာသိမ်းယူထားတဲ့ မြန်မာစစ်အုပ်စုကလည်း စစ်မှုထမ်းဟောင်း ဦးအောင်သူရိန်ကို ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားတာပါ။

အန်အယ်လ်ဒီအစိုးရက ခန့်အပ်ထားတဲ့ လက်ရှိ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်  မြန်မာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုကို ဆက်လက် သက်တမ်းတိုးပေးဖို့ တောင်းဆိုထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013