စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ အိမ်မွေးခိုင်းနွားတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက အဓမ္မခိုးယူပြီး နွားပွဲစားတွေဆီ စျေးနှုန်းချိုသာစွာနဲ့ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ နယ်မြေရှင်းလင်းရေးအကြောင်းပြ ကျေးရွာတွေအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပြီး နေအိမ်တွေမှာကျန်ရှိတဲ့ တိရစ္ဆာန်တွေကို စစ်တပ်က ပုံစံမျိုးစုံနဲ့ ယူဆောင်ကြတယ်လို့ ဆိုပါတယ်။
ကြက်၊ ဝက်တွေကို ချက်ပြုတ်စားသောက်ကြပြီး နွားတွေကိုတော့ နွားပွဲစားတွေနဲ့ ချိတ်ဆက်ကာ စျေးနှုန်းချိုသာစွာနဲ့ ပြန်ရောင်းကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ခိုးယူရောင်းချထားတဲ့ ခိုင်းနွားတွေကို ရေဦး-ကလေးဝ လမ်းပိုင်းကနေ ၁၂ ဘီးကားတွေနဲ့ သယ်ဆောင်ကာ အိန္ဒိယနယ်စပ်ဘက်ကို ပွဲစားတွေက ပြန်လည်ရောင်းချကြတာလို့ ဆိုပါတယ်။
ကား ၁ စီးကို နွားကောင်ရေ ၂၀ ကျော်ထိ တင်ဆောင်ကာ တစ်နေ့ကို ၅ စီးဝန်းကျင်လောက် ပို့ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ပို့ဆောင်ရာမှာလည်း လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေကိုလည်း ဂိတ်ကြေးသဘော ပေးဆာင်ကြရပြီး နွားတင်ကား ၁ စီးကို ကံထူးမလမ်းဆုံဂိတ်မှာ ၅ သိန်းကျပ်နဲ့ အောင်ချမ်းသာ သက္ကယ်ကျင်းဂိတ်ကို ၃ သိန်းကျပ် ပေးဆောင်ကြရတယ်လို့ သိရပါတယ်။
ဒီပဲယင်း၊ တန့်ဆည်၊ ဘုတလင် စတဲ့ မြို့နယ်တွေက နွားတွေကို စစ်ကောင်စီတပ်ဖွဲ့က ခိုးယူရောင်းစားနေတာလို့ သိရပါတယ်။