DVB Logo
Home
မြန်မာသတင်း
၁၀ လအတွင်း စစ်တပ်က ပြည်သူ ၁၃၀၀ ခန့်ကို ပစ်သတ်၊ သေဒဏ်ချမှတ်ခံရသူ ၇၃ ဦးရှိလာ
DVB
·
December 1, 2021
၁၀ လအတွင်း စစ်တပ်က ပြည်သူ ၁၃၀၀ ခန့်ကို ပစ်သတ်၊ သေဒဏ်ချမှတ်ခံရသူ ၇၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၉၉ ယောက်ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၅၆၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၆၄၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက် ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၇၃ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ တတိယနှစ်ကျောင်းသား ကိုထူးမြတ်လွင်၊ ထားဝယ်ပညာရေးကောလိပ်မှ ဒုတိယနှစ်ကျောင်းသူ မလဝန်းပြည့်ပြည့်ထွန်းနဲ့ 7 Day ဂျာနယ် သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းတို့ကို နိုဝင်ဘာ ၃၀ ရက်နေ့မနက် ၆ နာရီခွဲဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေက ထားဝယ်မြို့က ကိုစိုင်းကိုကိုထွန်းရဲ့ နေအိမ်မှာ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးခင်ထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲကာ ရဲတွေက နိုဝင်ဘာ ၂၉ ရက်နေ့မနက် ၂ နာရီဝန်းကျင်က နေအိမ်မှာ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးခင်ထွန်းဟာ အာဏာသိမ်းပြီးတဲ့နောက် ရာထူးကနေ နုတ်ထွက်ထားသူဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်း ခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ် နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013